Monday, November 26, 2012

ခဝဲပွင့်တုန်း တန်ဆောင်မုန်း

      
လှူကထိန်သင်္ကန်းနှင့်၊ မဂ်လမ်းတဲ့ ဆုပန်ရွယ်၊
သည်ချိန်ဆို ဝတ်မှုန်ကြဲလို့၊ ခဝဲရွှေညှာရင်းမှာ၊
သင်းရနံ့ကယ်။ကောင်းကင်လယ်၊
ထက်ဝယ်ဆုံဦး ရွှေလစန္ဒာနှင့် ကြတ္တိကာ ကြယ်ရောင်ထွန်းတယ်
ထွန်းထိန်လို့မြူး"
( ဖိုးသူတော်ဦးမင်း )
         တန်ဆောင်မုန်းလသည် မြန်မာ ပြက္ခဒိန်လ ဆယ့်နှစ်လတွင် အဋ္ဌမမြောက် လဖြစ်ပါသည်။
တန်ဆောင်မုန်းလ၏ ပထမလဝက်သည် မိုးဥတု၌ ကျရောက်ပြီး ဒုတိယလဝက်မှာ ဆောင်းဥတု၌
ပါဝင်နေရာ မိုးနှောင်း ဆောင်းဦး ကာလဖြစ်၍ သာယာ ကြည်နူးဖွယ် ကောင်းသော လ တလပင် ဖြစ်ပါသည်။ တန်ဆောင်မုန်းလသည် မိုးနှောင်းချိန် ဆောင်းဝင်ခါစ ကာလဖြစ်၍ နှင်းကျလိုက်၊ မိုးဖွဲဖွဲ ရွာချလိုက် ဖြစ်လေ့ ရှိတတ်သည်။ထို့ကြောင့် ရှေးမြန်မာကြီးများက တန်ဆောင်မုန်းတွင် 'ဆီးနှင်းတပြိုက် မိုးတလိုက်' ဟု စပ်ဆိုခဲ့ကြခြင်း ဖြစ်ပေမည်။
တန်ဆောင်မုန်းလ၌ ကောင်းကင်ပြင်သည် ကြည်လင် သာယာလျက် ရှိပြီး ဆောင်းဦး ရာသီ၏ ရှေ့ပြေးဖြစ်သောမြောက်ပြန်လေအေးသည်လည်း ဖြည်းညှင်းစွာ တိုက်ခတ်လေ့ ရှိပါသည်။
      တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ ခဝဲပန်း ဖြစ်၍ထင်ရှားသော ပွဲတော်မှာ ကထိန်ပွဲပင် ဖြစ်သည်။
ခဝဲပန်းနှင့်အတူ အလှချင်း ပြိုင်တတ်ကြသော ကြာပန်း၊ ပြည်ပန်းညို၊မယ်ဇလီ၊ နှင်းပန်းတို့သည်လည်း တန်ဆောင်မုန်းလ၏အလှကို ပိုမိုတင့်တယ် ပီပြင်စေပါသည်။တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ် လပြည့်နေ့ ကဲ့သို့ပင်ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူး နေ့မြတ် တနေ့ပင် ဖြစ်သည်။ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော
တန်ဆောင်တိုင် ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသောနောက်ဆုံးနေ့ ဖြစ်သည်။ တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသောပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ ခြင်းအကျိုးပြတရား တော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ်ဖြစ်သည်။
           ရှေးသုသေသီိတို့ကတန်တောင်တိုင်ပွဲသည်ဗုဒ္ဓသာသနာမပေါ်ထွန်းခင်ကမီးနတ်ကိုပူ
 ဇော်သောပွဲမျှသာဖြစ်သည်ဟုဆိုသည်၊ကောင်းကင်တွင်မိုးသားကင်းစင်၍နက္ခအပေါင်းစုံသည့်
ထိုတန်ဆောင်းမုန်းလအခါသမယတွင်လူတို့အထူးစိတ်နှုလုံးကြည်လင်၍
မီးနက္ခပူဇော်ပွဲဖြင့်နတ်မင်းကြီးအားပူဇော်ကြသည်ဟုဆိုသည်။ နတ်မင်းကြီးဆိုသည်မှာပိဿနိုးနတ်မင်းကြီးဟုခေါ်သောမဟာဝိနာယကနတ်မင်းကြီးဖြစ်သည်၊ ထိုနတ်မင်းကြီးသည်သီတင်းကျွတ်ဆန်း ၁၂ ရက်နေ့မှစ၍အိပ်သွားရာ
တန်ဆောင်မုန်းလဆန်း၁၂ရက်နေ့ရောက်မှနိုးထလာသည်၊ထို့ကြောင့်တန်ဆောင်မုန်းလကိုနတ်နိုးလ
ဟူ၍လည်းခေါ်ကြသည်၊။
          ထိုလတွင်ဆေးပေါင်းခသောလလည်းဖြစ်၍တန်ဆောင်မုန်းလတွင်ပွင့်သောမယ်ဇလီ ဖူး၊မယ်စဇလီပွင့်တို့ကိုသုပ်စားလျင်ရောဂါမျိုး၉၆ပါးကင်းသည်ဟုယူဆကြသည်၊ထို့ပြင်မီးနက္ခ ပွဲနှင့်အတူကျီးမနိုးပွဲကိုလည်းကျင်းပကြသည်၊ထိုဓလေ့မှာ
အပျော်အပါးသက်သက်အချင်းချင်းကျီဆယ်သောပွဲဖြစ်သည်၊လပြည့်ညသန်းကောင်လူတို့အိပ်မောကျနေစဉ်
အိမ်ပြင်တွင်ထားသောပန်းအိုးစသောလူ့အသုံးအဆောင်ပစ္စည်းများကိုတနေရာသို့ရွေ့ပြောင်း၍ထားကြသည်၊
ထိုဓလေ့များမှာကျေးလက်တောရွာများတွင်သာအနည်းငယ်ကျန်လေ့ရှိပြီး၊ပျောက်ကွယ်လုနီးနီးဖြစ်နေလေပြီ
( ရှေးကမြန်မာများတန်ဆောင်မုန်းလကျီးမနိုးပွဲလုပ်ကြပုံနှင့်မယ်ဇီဖူးအကြောင်းသီးခြား ဆောင်းပါး
ရေး၍တင်ဆက်ပါမည် )
        ဇာတ်နိပါတ်တော်များတွင်ကြတ္တိကာနက္ခသဘင်ဆင်ရင်ကျင်းပ၍ကကြောင်းဖေါ်ပြသည် ဥမ္မာဒန္တီဇာတ်တွင်ထိုနက္ခပွဲသဘင်ဆင်ရင်ကျင်းပကြောင်းရေးဖွဲ့ထားသည်ကိုတွေ့ရသည်၊ တန်ဆောင်မုန်းလ၌ ကထိန်သင်္ကကပ်လှူသောကထိန်ပွဲကိုဆင်နွဲလေ့ရှိသည်
ဤတွင် 'ကထိန်' ဟူသည် 'ကထိန' ဟူသော ပါဠိဝေါဟာရမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု သိရသည်။ ကထိန်၏ အဓိပ္ပာယ်မှာ'မြဲမြံခြင်း၊ ခိုင်ခံ့ခြင်း' ဖြစ်၍ ရဟန်းတော်များသည် မြဲမြံ ခိုင်ခံ့သည့် အကျိုးထူး ငါးပါးကို ရရှိသောကြောင့် 'ကထိန်' ဟု ခေါ်ဆိုရခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ဤတွင် အခွင့်သင့်သဖြင့် ကထိန်ခင်းရခြင်း၏ အစပထမ ဖြစ်ရပ်ကို အကျဉ်းချုပ်၍ တင်ပြ လိုပါသေးသည်။ ဗုဒ္ဓဘာသာ နွယ်ဝင်တို့၏ကိုးကွယ် အားထား မှီခို ဆည်းကပ်ရာ ဖြစ်သော ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက ဖြစ်ပါသည်။ ဘုရားရှင်သည်သာဝတ္ထိပြည်၊ အနာထပိဏ် သူဌေးကြီး ဆောက်လုပ် လှူဒါန်းအပ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်က ဖြစ်သည်။
       ကောသလမင်းကြီးနှင့် ညီနောင်များ ဖြစ်ကြသော ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့သည် မြတ်စွာ ဘုရားရှင်အား ဖူးမြော်ခွင့်ရရန် ပါဝေယျကတိုင်းမှ လာကြရာ
လမ်းခရီး အကြားရှိ 'သာကေတမြို့' ၌ ဝါဆို ဝါကပ်ကြသည်။ သီတင်းကျွတ်၍ ခရီးဆက်လာကြရာ ဘုရားရှင် ရှေ့မှောက် အရောက်တွင်
ဘုရားရှင် ခွင့်ပြုထားသော သင်္ကန်း သုံးထည်စလုံး စိုစိုစွတ်စွတ် ညစ်ထေးထေး ဖြစ်နေသဖြင့် ထိုရဟန်းတို့၏ ပင်ပန်း ဆင်းရဲမှုကို အကြောင်းပြုပြီး
ကထိန်သင်္ကန်း ကပ်လှူခြင်းကို ခွင့်ပြုတော်မူခြင်းပင် ဖြစ်သည်။ ဤသည်မှာ ကထိန်ခင်းရခြင်း၏ သမိုင်း အစပင် ဖြစ်သည်ဟု ဆိုပါသည်။ ကထိန်ပွဲပြုလုပ်သည်ကိုကထိန်ခင်းသည်ဟုဆိုသည်၊ကထိန်ခင်းသည်ဆိုသည်မှာသီတင်း ကျွတ်လပြည့်နေ့မှတန်ဆောင်းမုန်းလပြည့်နေ့အထိတလအတွင်းသတ်မှတ်၍သံဃာကိုလှူခြင်း
 ဖြစ်သည်၊သာမန်အားဖြင့်ဝိသေသထူးသောသင်္ကန်းအလှူပွဲကြီး
ဟုဆိုနိုင်သည်၊သံဃာဟုဆိုရာတွင်မိမိကြည်ညိုသောရဟန်း၊သိကျွမ်းသောရဟန်း၊မိမိကိုယ်းကွယ်
သောကျောင်းတွင်ကျောင်းထိုင်သောရဟန်းတို့ကိုရည်းစူ၍မလှူရ၊ပုဂ္ဂိုလ်စွဲထား၍ရည်စူပြီးမလှူရ၊
ကထိန်သင်္ကန်းကပ်လှူ  သောအလှူရှင်များကကထိနစီဝရံသံဃဿဒေမ၊
ဤကထိန်သင်္ကန်းကိုသံဃာအားလှူဒါန်းပါ၏ ဟုရည်စူး၍လှူရသည်၊
     ကျွန်ပ်တို့တွေ့မြင်နေရသည်မှာကထိန်သင်္ကန်းကိုရဟန်းသံဃာများကိုသာလှူဒါန်းနေ သည်ကိုတွေ့မြင်နေရသည်၊စင်စစ်ကထိန်သင်္ကန်းကို ရဟန်း၊သာမဏေ၊သီလရှင်၊ဖိုးသူတော် စသည်တို့ကိုလည်းလှူနိုင်သည် ၊လှူဘွယ်ဝတ္တုမှာဒုကုဋ်ခေါ် ၂ ထပ်သင်္ကန်း ၊ဧကသီ၊ခါးဝတ် သင်းပိုင်ဟူ၍သုံးမျိုးရှိသည့်အနက်တမျိုးမျိုးကိုလှူလျှင်လည်းကထိန်အလှူပင်ဖြစ်သည်၊ ကထိန်ခင်းခြင်းနှင့်တဆက်ထည်းမသိုးသင်္ကန်းရက်လုပ်၍လှူသောအလှူပွဲကိုလည်း တန်ဆောင်မုန်းလတွင်ပြုလုပ်ကြသဖြင့်၊မသိုးသင်္ကန်းရက်လုပ်ကပ်လှူခြင်းအကြောင်းကား မယ်တော်မိနတ်သားကသားတော်ဘုရားအလောင်းတော်တောထွက်၍ရဟန်းပြုတော့မည်ကို သိသောအခါညတွင်းချင်းပြီးအောင်ရက်လုပ်၍လှူသည်ကိုအကြောင်းပြု၍မသိုးသင်္ကန်းရက် လုပ်ပူဇော်ကြသည်ဟုဆိုသည်၊တချို့ကလည်းကထိန်ပုဆိုးရသောရဟန်းသည်ညတွင်းချင်းပင် ချုပ်ဆိုးခြင်းပြု၍ကထိန်ခင်းသည်ကိုအစွဲပြု၍၊လူတို့ကသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်းဖြစ်သည် ဟုဆိုပါသည်၊
      ဤတွင်သာမညဖလ အခါတော်နေ့ အကြောင်းကို အကျဉ်းချုပ်၍ တင်ပြလိုပါသည်။ထီးနန်းရယူ ပိုင်ဆိုင်လိုမှုတည်းဟူသော အလို လောဘကြောင့် ဆရာမိုက်၏ တိုက်တွန်းမှုဖြင့် မိမိ၏ မွေးဖခင်ရင်းကို သတ်မိမှားသူ အဇာတသတ်မင်းသည်မိမိအမှားကို သိမြင်ပြီး နောင်တကြီးစွာရကာ စားမဝင် အိပ်မပျော် ဖြစ်နေသည်။ ထိုသို့ ဖြစ်နေစဉ် တန်ဆောင်မုန်း လပြည့်ည၏အေးချမ်း သာယာကြည်လင်မှုကို မြင်တွေ့ရသော အခါ ယခုလို နေ့မျိုး၌ အဘယ်သို့သော ရဟန်း သာမဏေ၊ အဘယ်သို့သော ဗြဟ္မဏတို့ထံ ဆည်းကပ်ရလျှင် ကောင်းမည်နည်းဟု တွေးတောမိကာ မင်းချင်းတို့အား ဖွင့်ဟ တိုင်ပင်မိပါသည်။ မင်းချင်းတို့ကလည်းမင်း လိုလိုက် မင်းကြိုက် ဆောင်တတ်သော အခွင့်အရေးသမားများ ပီပီ မိမိတို့ ကိုးကွယ် ဆည်းကပ်သည့် မိစ္ဆာဒိဋ္ဌိ ဆရာကြီးခြောက်ဦးတို့အား အသီးသီး ညွှန်ပြကြရာ အဇာတသတ်မင်းက နားမဝင်ချေ။ထိုအချိန်တွင် ဗုဒ္ဓဘာသာဝင် ဖြစ်သော ဆေးဆရာ ဇီဝကကမူ မည်သို့မျှ မလျှောက်တင်ဘဲ နှုတ်ဆိတ်၍ နေသည်ကို အဇာတသတ်မင်းကြီး မြင်တွေ့ရသော အခါ ဆရာ ဇီဝက အဘယ်ကြောင့် ဆိတ်ဆိတ်နေပါသနည်းဟု မေးတော်မူပါသည်။
     ထိုအခါ အခွင့်ကောင်းကို စောင့်မျှော်နေသူ ဆရာ ဇီဝကသည် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်များကို ချီးမွမ်းကာဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံတော်မူသော အကျွန်ုပ်၏ ဆရာ ဘုရားရှင်သည် ကျွန်တော်မျိုး၏ သရက်ဥယျာဉ်၌ များစွာသော ရဟန်း ပရိသတ် ခြံရံကာ
သီတင်းသုံးလျက် ရှိပါကြောင်း၊ ဘုရားရှင်အား အရှင်မင်းကြီး ဆည်း ကပ်ရပါမူ အရှင်မင်းကြီး၏ စိတ်တော်သည် ကြည်လင် အေးချမ်း လာပါလိမ့်မည်ဟု လျှောက်တင်လေသည်။ ဆေးဆရာ ဇီဝက၏ အကျိုးသင့် လျှောက်ထား တင်ပြမှုကို အဇာတသတ် မင်းကြီး ကြားရသော
အခါ ဝမ်းသာအားရ ဖြစ်တော်မူ၍ ဆင်မြင်းဗိုလ်ပါ ခြံရံလျက် ကြီးကျယ် ခမ်းနားလှသော အစီအစဉ်ဖြင့် ညတွင်းချင်းပင် ဆရာ ဇီဝက၏ ဥယျာဉ်တော်သို့ ကချီတော်မူပါသည်။
        ရဟန်းအပေါင်း ခြံရံလျက် သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရသော အခါ အဇာတသတ် မင်းကြီးက မေးမြန်း လျှောက်ထားသဖြင့် မြတ်စွာ ဘုရားရှင်သည် သာမညဖလ သုတ်တော်ကို ဟောကြားတော်မူသည်မှာ ခဝဲပန်း လှိုင်လှိုင်ပွင့်သော တန်ဆောင်မုန်း လပြည့် ညချမ်းပင် ဖြစ်ပါသည်။ ထိုသို့ ဘုရားရှင်သည် တန်ဆောင်မုန်း လပြည့်နေ့တွင် သာမည ဖလသုတ်တော်ကို ဟောကြားတော်မူခြင်းကိုအကြောင်းပြု၍ တန်ဆောင် မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ဟုသတ်မှတ် ခေါ်ဝေါ်ကြခြင်းဖြစ်ကြောင်းတင်ပြရင်း ဖြင့်ခ၀ဲပွင်တုန်းတန်ဆောင်မုန်းကို
အဆုံးသပ်လိုက်ပါသည်။
*မိတ်ဆွေတစ်ဦး၏ ဘလော့မှ ကူးယူဖော်ပြအပ်ပါသည်။*

ကထိန်အကြောင်း သိကောင်းစရာ


ကထိန်အကြောင်း သိကောင်းစရာ
********************************************
အနာမန္တစာရစသည်ငါးပါးသောသိက္ခာပုဒ်တို့ ကိုသံဃာအတွင်း၌ပြုခြင်းငှါစွမ်းနိုင်၍ မြဲမြံ ခိုင်ခံ့ တည်တံ့သောအနက်။ မှီငြမ်းမရှိ၊ မိမိချည်းသာ၊ လိုရာအလျောက်၊ ပေါက်ရောက်စည်ကား၊ ကြီးပွားလေပြီ၊ သစ်ပင်ကြီးတမျှ၊ ခိုင်ခံ့ လှသောအနက်။ ဘုရားကအစ၊ အရိယာအပေါင်း၊ အရှင်ကောင်းတို့ သည်၊ ကောင်း၏ ကောင်း၏ဟု ချီးမွမ်းအပ်သောကြောင့် ကထိန်မည်ပါသည်။
သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရားသီတင်းသုံးတော်မူသောကာလ၀ယ် ပညတ်တော်မူပါသည်။ ပါဝေယျကရဋ္ဌ၀ါသီ ဘဒ္ဒ၀ဂ်သခင်ညီနောင်သုံးကျိပ်တို့ ကို အကြောင်းပြု၍ ခွင့်ပြုခဲ့ပါသည်။ ဘဒ္ဒ၀ဂ်သခင် အရှင်တစုတို့ သည် သဗ္ဗညုဘုရားရှင်ကိုခူးမြင်ခြင်းငှါ ပါဝါမြို့ မှသာဝတ္တိ သို့ အလာတွင် ၀ါလနီးသောကြောင့် သာဝတ္ထိပြည်ကြီးသို့ မရောက်နိုင်ကြ၍ သာကေတမြို့ တွင် ၀ါဆိုပြီး ၀ါကျွတ်သော်ဇေတ၀န်ကျောင်းအသွား မိုးမိ၍ ရွှံ့ နှစ်ညွန်စေးညစ်ကြေးစွဲကပ်သောသင်္ကန်းဖြင့် ပင်ပန်းသောသဘောရှိသော ထိုရဟန်းတို့ ကိုမြင်လျှင် အလွန်ပင်သနားတော်မူလှ၍ နောင်လာ သံဃာတော် တို့ အားလည်း အကျိုးစီးပွါးများစေခြင်းငှါ ကထိန်ကို ခွင့်ပြုတော်မူခဲ့သည်။
သီိတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ မှစ၍ တန်ဆောင်မုန်းလပြည့်နေ့ အထိ တစ်လအတွင်း ခင်းအပ်သောကာလဖြစ်ပါသည်။ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းပုဂ္ဂိုလ်မှသာ ကထိန်ခင်းခြင်းငှါ ထိုက်ပါသည်။ သံဃာသည် ကထိန်၏မူလမည်ပါသည်။
ကိုးထည်သောသင်္ကန်းတို့ တွင် ဒုကုဋ်.ကိုယ်ဝတ်.သင်းပိုင်အားဖြင့် သုံးထည်သောသင်္ကန်းသာ ကထိန်၏၀တ္ထုမည်ပါသည်။ (၀တ္ထု = အကြောင်း၊ တည်ရာမှီရာ၊ ဥစ္စာပစ္စည်း) ခေါမမည်သော လျှော် တမည် ၀ါချည်တမျိုးပိုးချည်တရပ် သက္ကလတ် တတန် ပိုက်ဆံလျှော်တချက် ငါးပါးစုံရောယှက်၍ ရက် အပ်သော ပုဆိုးဟူ၍ ဇာတိဗေဒအားဖြင့် ခြောက်ထည်အပြားရှိပါသည်။ လျှော်ဖွပ်စီရင် ဖြတ်ယှဉ် ချုပ် ဆိုး ဗိန္ဒုထိုးဖြင်းဟုဆိုအပ်သောပုဗ္ဗကရဏ ခုနှစ်ပါးသည် အစ၊ ပစ္စုဒ္ဓိုရ်ပြုခြင်း အဓိဋ္ဌာန်တင်ခြင်းသည် အလယ်၊ ၀စီဘေဒမုခလှစ်ဖွင့် နှုတ်ဆိုမြွက်၍ခင်းခြင်းသည် ကထိန်၏အဆုံးဖြစ်ပါသည်။
ဤသိမ်ဥပစာရအတွင်း၌ တည်သောရဟန်း၊ အနုမောဒနာပြုသောရဟန်း၊ သူတပါးကိုကြားသိ စေသောရဟန်း၊ ဤရဟန်းသုံးယောက်တို့ သည် ကထိန်ခင်းခြင်းကြောင့်ဖြစ်သော အကျိုးဂုဏ်အင် အာနိသင် တို့ ကိုရထိုက်ပါသည်။ ငါးပါးအရေအတွက်ရှိသောရဟန်း၊ ထို့ ထက်သင်္ချာအရာအထောင် ဖြစ်သောရဟန်းတို့ သည် ကထိန်ခင်းခြင်းငှါထိုက်ပါသည်။ ပုရိမ၀ါသို့ မပြတ်၊ ကပ်သောဝါရှိသဖြင့်၊ ပဌမပ၀ါရဏာနေ့ ၌၊ ချမ်းမြေ့ သာယာ၊ ပ၀ါရဏာပြုကြသော ရဟန်းတို့ သည်ကထိန် ခင်းထိုက် ပါသည်။ (၀ါမကျိုးသောရဟန်းကိုဆိုလိုသည်) သဒ္ဓါကြည်ဖြုလှူအပ်သော သင်္ကန်းပင်ဖြစ်စေ၊ ဗြဟ္မာအများ ညွတ်တွားကော်ရော် ပူဇော်အပ်သော သက်န်းပင်ဖြစ်စေ၊ သီတင်းသုံးဖော်ငါးယောက် တို့ တွင် တစ်ယောက်ယောက်သောသူ လှူအပ်သောသင်္ကန်းပင်ဖြစ်စေ၊ အမှတ်မရှိသောသူ လှူအပ်သောသင်္ကန်းပင်ဖြင့်ပင် ဖြစ်စေခင်းအပ်ပါသည်။