Sunday, April 14, 2013

ယနေ့ည ဟောကြားမည့် ဥတ္တရ သာမဏေ ဝတ္ထုမှ ကောင်းနိုးရာရာ ဂါထာ မှတ်စုများ


Photo: ယနေ့ည ဟောကြားမည့်  ဥတ္တရ သာမဏေ ဝတ္ထုမှ ကောင်းနိုးရာရာ ဂါထာ မှတ်စုများ
( တရားကတော့ ကောင်းကောင်း ကန်းကန်း မဟောတတ်ပါဘူး ၊ တရာဝန်ကျလာတော့လည်း မလွဲသာ မရှောင်သာ ဟောရတော့တာပေါ့ )


 (၁)           “  မာ တာတ ပဗ္ဗဇ္ဇာ ၊ ပဗ္ဗဇ္ဇာ အတိဒုက္ကရာ ။ 
                    ဥဏ္ဏံ လဘတိ သီတတ္ထေ ၊ ဥဏ္ဏတ္ထေ သတိ သီတလံ ။ “

တာတ - ရတနာချိန်မှီ စိန်ရတီ အသွေးကဲ့သို့ အချစ်ဓါတ်ကို နေ့စဉ်ပေးပါတဲ့ ချစ်သွေးယူဆောင် အို.. သားလှ လူလေးမောင် ၊ ပဗ္ဗဇ္ဇာ - သပိတ်လက်စွဲ မျှက်နှာမွဲနှင့် ရွာထဲ လည့်ပတ် ဆွမ်းခံထွက်စားရတဲ့ ရဟန်းတို့ အတတ်မျိုးဆိုတာ ၊ အတိဒုက္ကရာ - ပေါ့ပေါ့လေးရယ်လို့ မောင်မတွေးလိုက်ပါနဲ့ အလွန်ပင် ငြိုငြင်၍ ငိုချင်စရာ ကောင်းလောက်အောင်
ဆင်းရဲပါတယ် သားလူလေးရယ်..၊ သီတတ္ထေ - အအေးကို အလိုရှိရာအခါမှာလည်း ၊ ဥဏ္ဏံ - အပူကို
လဘတိ - ရတတ်ပါသေးတယ် ။ ဥဏ္ဏတ္ထေ သတိ - အပူကို အလိုရှိရာ အခါမှာလည်းပဲ ၊ သီတလံ - အအေးဓါတ်ကို ၊ လဘတိ - ရတတ်ပါသေးတယ် ။ တေန - ထိုသို့ အအေးကို အလိုရှိရာတွင် အပူ အပူကို အလိုရှိရာတွင် အအေးကို ရတတ်လေသောကြောင့် ၊ တွံ့ - သင်ချစ်သားမောင်သည် ၊ မာ ပဗ္ဗဇ္ဇာ - ရဟန်းမပြု လူ့အတိုင်းသာလျှင် ကောင်းစွာ မသွေ နေအပ်ပါပေ သတည်း ။


 ( ၂ )      “ နာဟံ စောရေမိ ဘဏ္ဍံ မံ ၊ မုဉ္စေထ မံ အစောရကံ ။
            အာစေရော သာရိပုတ္တော မေ  ၊ တဿာဟံ ပါဒစာရိကော ။ “

ဘဝန္တော - ခိုးသူကိုဖမ်းမယ်လို့ တရကြမ်း လိုက်လာကြတဲ့ အို..ဒကာ ဒကာမ အပေါင်းတို့ ၊ 
အဟံ - သိက္ခာပုဒ်လက်ကိုင်နဲ့ နေထိုင်လာခဲ့တဲ့ သာမဏေ အကျွန်ုပ်သည် ၊ ဣမံ ဘဏ္ဍံ - သူ့ အလိုလျှောက် သပိတ်ထဲမှာ ရောက်လာတဲ့ ထိန်တောက်လျှံညီး ဤ အဖိုးတန် ဘဏ္ဍာထုပ်ကြီးကို ၊
န စောရေမိ  - ရှင်သိကြားနှင့် နတ်အများကို တိုင်တည်၍ စင်ကြယ်တဲ့ အရေး ကောင်းကောင်းကြီး
သက်သေ ပေးနိုင်ပါရဲ့ ညစ်ကြေးမြူမထင် ဖြူစင်ရိုးအေးကံ မခိုးရိုး အမှန် ဖြစ်ပါတော့သည် ။
အစောရကံ - မခိုးရပဲ သူခိုးစွဲ၍ နှောင်ကြိုးတည်းကာ စွပ်စွဲ ရိုက်ပုတ်ခြင်းကို ခံနေရသော ၊ မံ - သူတော်ကောင်းအဟုတ် အကျွန်ုပ်ကို ၊ မုဉ္စေထ - မုဉ္စေယျာထ - မဟုတ်ပဲ ဖမ်းဆီး၍ အပြစ် မကြီးလေးရအောင် ချမ်းသာရာ အခွင့်ပေး၍ တရားအေးလို့ ပြန်လွှတ်ကြပါလော့ ။
မေ - ဥတ္တရ သာမဏေ တစ်ပါးရယ်လို့ ဘုရားရှင် ကိုယ်တော်တိုင်သိ၍ ပိပိပြားပြား တရားနှင့် အညီ နေထိုင်လာခဲ့သော သာမဏေ အကျွန်ုပ်၏ ။ အာစေရော - လိမ္မာအောင် သွန်သင်တဲ့ ကျေးဇူးရှင် ဆရာတော်ကြီးသည်ကား ၊ သာရိပုတ္တော - လက်ယာတော်ရံ အစစ် ရှင်သာရိပုတ္တရာ မထေမြတ်ကြီး ပါပေတည်း။ အဟံ - သပိတ်က ဒုက္ခပေးသဖြင့် အရေးခက်တွေ့ကြုံ၍ တုန်တုန်လှုပ်လှုပ်ဖြင့် နေနေရပါသော သာမဏေ အကျွန်ုပ်သည် ၊ တဿ - ထို သာရိပုတ္တရာ အရှင်မြတ်ကြီး၏ ၊ 
ပါဒစာရိကော - ဝတ်ကုန်အောင် လုပ်ကြွေးတဲ့ တပည့်လေးအစစ် ဖြစ်ပါပေတော့ သတည်း ။





( ၃ ) စီဝရံ ပတ္တ မာဒါယ
    ဒေဿထ မမ မာတရံ ။
    ပေဿတွာ တံ ဝိဟညံတု ၊
      ဌာပေန္တု ကရ စေတိယံ ။

ဘဝန္တော - ချမ်းသာထိပ်သီး စိတ်မငြီးကြပါတဲ့ ရိပ်ကြီးကိုရှာ အိုသူတော်စွာ အပေါင်းတို့ ၊
မမ - ဝိပါကဝဋ်တရားတို့ကြောင့် ခံစားနာကျင် ခြားရဟတ် ဘုံအသွင် မမြင်နိုင်ကံတရားတို့ကြောင့် ခံစားနာကျင်နေရပါသော အကျွန်ုပ်၏ ၊ စီဝရဉ္စ - သွေးဖြိုင်ဖြိုင်စိုစွဲ၍ မလဲသာ မခွါသာ တစ်ဝါသာ ဆင်မြန်းခဲ့ရပါတဲ့ ဤ ဧကသီ သင်္ကန်းလေးကို၎င်း ၊ ပတ္တဉ္စ - သူနဲ့သာ အသက်မွေးရပါတဲ့ ဤလူ့ဘုံတွင် အတူဆုံကာ အတူခွဲရမည့် မှောင်မဲနက်ချိပ် ဤသပိတ်တော်လေးကို၎င်း ၊ အာဒါယ - ယူဆောင်တော်မူကြကုန်လျှက် ၊ မာတရံ - မွေးရပ်မြေ တနယ်ခြားက မယ်ဘုရားလို့ ခေါ်ရမယ့် ကိုရင် ဒကာမကြီးကို ၊ ဒေဿထ - နှလုံးတွင် အမှန်မမေ့လိုက်ကြပါနဲ့ တွေ့တွေ့ခြင်း ပြတော်မူလိုက်ကြစမ်းပါ ။
တသ္မိံဌာနေ - ကံဆိုးလို့ ကြုံရပါတဲ့ ဆို့နင့်စိုစွဲ အခုတော့ တကတည်း သတ်ကြတော့မယ့်
ဤကုန်းမြင့်လေးထက်မှာ ၊ ကရစေတိယံ -  တံခါန်တိုင်ရွှေကုက္ကားရယ်နဲ့ မုလေးပွားရယ်က တလူလူ ဖူးရသူတွေ သတိခါခါရပါလို့ လာလာသမျှတွေ သံဝေပိုရအောင် လွမ်းစေတီဖြူဖြူလေးကို ၊
ဌာပေန္တု - ရွှေဆည်းလည်းသံတွေက တညံညံ တိမ်ယံတွေက တညို့ညို့ မခို့တရို့ ရွှေသဖူ ဖူးချိန်မို့ စေတီ အထူးကို သြော်တည်ထားကိုးကွယ်လိုက်ကြစမ်းပါ။

(၄) သုခံ ဒဿာမိ မာ ဘာယိ ၊
     မမံ နုတ္တရ ဥတ္တရာ ။
    အမတေနာဘိ သိဉ္ဖိတုံ ၊
    အာဂတော ဟန္တဝန္တိကံ ။

ဥတ္တရာ - သုဿန်မြေ ကားစင်ထက်မှာ သံတံကျဉ် အသွင်းခံရ၍ ပြင်းပြင်းထန်ထန် ပူပန်လွန်ကဲ ဆင်းရဲခံနေရတဲ့ မြေးတော်လေး ဥတ္တရာ ၊ မာဘာယိ - ဒုက္ခဝေဒနာနှင့် သေရွာသို့လိုက်ရမည့် အရေးကို
ကြံတွေးကြောက်လန့်ကာ မနေလိုက်ပါနဲ့ ၊ တေ - သင်မြေးတော်လေး ဥတ္တရာအား ၊ သုခံ - သံတံကျဉ် ဝဋ်အတွင်းမှ မြန်မကြာလွတ်ကင်းခြင်းတည်း ဟူသော ချမ်းသာသုခကြီးကို ၊ ဒဿာမိ - မြေးတော်လေးမပူလိုက်ပါနဲ့ လွယ်ကုစွာ ပေးတော်မူလိုက်ပါတော့အံ့ ၊ ဥတ္တရာ - ပါရမီဖူး ညွှန့်ဦး ရှင်သန်
မဂ်ညဏ် ဖိုလ်ညဏ်သို့ ဆိုက်ရောက်ရန် မဝေးလှပါတဲ့ မြေးတော်လေးဥတ္တရာ ၊ မမံ - သုံးလောကသနင်း ငါဘုရား၇ှင် ကိုယ်တော်မြတ်ကြီးကို ၊ အနုတ္တရာ - ဂုဏ်တော်နှင့်တကွ ဆင်ခြင်၍ ၊ 
ထင်မြင်အောင် ရှုစားတော် မူလိုက်စမ်းပါ ။ အဟံ - ဒုက္ခသည်ကို ကယ်တင်လိုငြား ငါဘုရားသည် ၊ အမတေန - မသေနိုင်တဲ့ ဆေး အမြတ် အအေးဓါတ်ဖြင့် ၊ အဘိသိဉ္ဇိတုံ - သာတကြည် ဆွတ်ဖြန်း၍
ထွက်လမ်းနယ်တစ်ခွင်ကို ကယ်တင်တော်မူခြင်းငှာ ၊ တွန္တိကံ -သံတံကျဉ်ဝဋ်ဘေးမှ ယခုတိုင် မလွတ်သေးတဲ့ သင်မြေးတော်လေးအထံသို့ ၊ အာဂတော - ရွှေကျောင်းဆောင် နံ့သာခန်းမှ ထက်ကောင်းကင် ဈန်ယာဉ်လမ်းဖြင့် ကြွမြန်းတော်မူခဲ့ရပါပေသတည်း ။

(၅) သုခေါဟံ ဗုဒ္ဓတေဇေန ၊
     ဗုဒ္ဓေါ နော ဒုက္ခ နသက္ကော ။
     သုခကာမာ ဒဒေယျာထ ၊
     ဗုဒ္ဓတေဇံ အစိန္တိယံ ။

ဘွန္တော - သာမဏေ ဥတ္တရ၏ ဒုက္ခမှ လွတ်ပုံကို စုံလင်စွာ တွေ့မြင်ခဲ့ကြသော အို.. ပရိတ်သက်အပေါင်း သူတော်ကောင်းတို့ ၊ အဟံ - ခြေလက်မျှ လှုပ်မရအောင် သံတံကျဉ် ဒုက္ခနှင့် ဥတ္တရ ဆိုတဲ့ သာမဏေ အကျွန်ုပ်သည် ၊ ဗုဒ္ဓတေဇေန - သင်တို့လည်း အကြားအမြင် ဘုရားရှင်၏် တန်ခိုးတေဇော် အာနုဘော် အရှိန်အငွေ့ကြောင့် ၊  သုခေါ - တလိမ့်လိမ့် တလွင့်နဲ့ ရင်ညွန့်မှာ သွေးချောင်းစီး၍ အကြီးအကျယ် ဆင်းရဲတဲ့ ဝဋ်ဒုက္ခမှ ကျွတ်လွတ် အေးမျှလျှက် ဘေးမခပဲ ချမ်းသာရာ ရခဲ့လေပြီ ။ နော - အကျွန်ုပ်တို့၏ ဗုဒ္ဓေါ - သစ္စာလေးဆင့် မြတ်ပန်းပွင့်ကို လှမ်းလှစ်ဆွတ်ချူ အရယူတော်မူပြီးထသော ရှင်တော်မြတ်ဘုရားသည် ၊ ဒုက္ခ န သက္ကော - အပူမီး တငွေ့ငွေ့နဲ့ မချမ်းမြေ့တဲ့ ဒုက္ခဒဏ်ကို အမြန်ပယ်ဖျောက်တော်မူနိုင်ပါပေ၏ ။ ဘွန္တော - ။ တုမှေ - ။ သုခကာမာ - အိုခြင်းတစ်ဖြာ နာခြင်းတစ်ဖုံ သေခြင်းတစ်မျိုး ဆိုးဆိုးဝါးဝါး ဘဝတိုင်း မရုန်းနိုင် အဆုံးမတိုင်တဲ့ ဆင်းရဲဒုက္ခတို့မှ ခုံလွှားကျော်နင်း ချမ်းသာခြင်း စုံအလင်ကို ခုံမင်လိုလားကြပါမူကား ၊ အစိန္တိယံ - ရေမြေ ကောင်းကင် နှိုင်းယှဉ်မရ ကြံဆခြင်းငှာ မဆုံးရာသော ၊ ဗုဒ္ဓတေဇံ - သုံးလူထွဋ်ထား မြတ်ဘုရား၏ ကြီးမားတေဇော် ဂုဏ်တော် ပျံ့ကျယ် စုံအံ့ဖွယ်ကို ၊ ဒဒေယျ - မယိမ်းမငိုက် ထင်မြင်လာအောင် ပညာဖြင့် သိမ်းပိုက်၍ သြော်.. စူးစိုက်လိုက်ကြကုန်ရာသတည်း…..။

(၆) ကတတ္တာ နာနာ ကမ္မာနံ ၊
ဣဋ္ဌာနိဋ္ဌေပိအာဂတေ ။
ယောနိသော တိဋ္ဌံ သန္တာယ ၊
ဒဒေယျ နာဝိကော ယထာ ။

ဘဝန္တော - ၊ နာနာကမ္မာနံ - ကံကောင်းကံဆိုး အမျိုးမျိုးတို့ကို ၊ ကတတ္တာ - ဘဝများစွာ သံသရာက မကွာထပ်ကြပ်ပြုလုပ်အပ်ခဲ့လေသောကြောင့် ၊ ဣဋ္ဌာနိဋ္ဌေ - အကောင်း အဆိုး အာရုံ နှစ်မျိုးတို့သည် ၊ အာဂတေပိ - အကြောင်းအားလျှော်စွာပေါ်ပေါက်၍ လာခဲ့ပါသော်လည်းပဲ ၊ နာဝိကော ယထာ - ပင်လယ်ကိုကူး မာလိန်သကဲ့သို့ ၊ ယောနိသော - သင့်တင့်လျှော်ကန် တော်မှန်ထုံးအရ အသုံးကြမည့် လုံလပညာ အလိမ္မာဖြင့် ၊တိဋ္ဌံ - ဒုက္ခမီးစက် ဆူဆူပွက်သည့် သည်ဘက်ကမ်းမှ စခန်းထသို့
နန်းမ ခေမံ နေရဘန်နန်း နိဗ္ဗာန်တည်းဟူသော ဟိုမှာလက်ကမ်းကို ၊ သန္တာယ - စိတ်စဉ်ဖြောင့်တန်း ကောင်းစွာမှန်း၍ ၊ ဒဒေယျ - လောကဓံလှိုင်း လေမုန်တိုင်းကြောင့် မဆိုင်းမဆုတ် ဥာဏ်အားထုတ်လျှက် ၊ သုတ်သုတ်လျှင်စွာ ကူးခတ်လိုက်ကြရာကုန်သတည်း။ (ဆုတ်ကန်ကန်နှင့် လုပ်နေရန် အခါမဟုတ်တာမို့ ဘာဝနာအလုပ် ရွက်တက် တင်ကာပ မဂ်အထင် ဖော်ကရဝိတ်ပျံနှင့် ဟိုသောင်ထိပ် ကမ်းနံရံဆီက အောင်နိဗ္ဗာန်ဆိုတဲ့ အမတ ဘုံဆိုက်ရအောင် ရတနာပုံ အခါကြုံခိုက်ဟာမို့
အာရုံစိုက်ကာ တအားခဲပြီးတော့ သြော်ကူးခတ်လိုက်ကြကုန်ရာသတည်း ။

( တရားကတော့ ကောင်းကောင်း ကန်းကန်း မဟောတတ်ပါဘူး ၊ တရာဝန်ကျလာတော့လည်း မလွဲသာ မရှောင်သာ ဟောရတော့တာပေါ့ )


(၁) “ မာ တာတ ပဗ္ဗဇ္ဇာ ၊ ပဗ္ဗဇ္ဇာ အတိဒုက္ကရာ ။
ဥဏ္ဏံ လဘတိ သီတတ္ထေ ၊ ဥဏ္ဏတ္ထေ သတိ သီတလံ ။ “