Thursday, January 02, 2014

ကျနော့အမေ…သူရဲကောင်းမ

ကျနော့အမေ…သူရဲကောင်းမ
------------------------
ကြယ်နီတစ်ပွင့်လက်မှာပန်
သားကြီးကို အဘွားထံအပ်
မျက်ရည်တစ်စက်တောင် အတင်မခံတဲ့
အမေ့ဟန် အမေ့မူ
သားတော့…ဂုဏ်ယူမဆုံး။


တစ်စုံတစ်ယောက်ကို
ဝေဒနာ ပျောက်စေတာထက်
တစ်သင်းတစ်ဖွဲ့
တစ်တိုင်းတစ်ပြည်က ဝေဒနာတွေ ကုစားချင်တဲ့အမေ။

Friday, May 17, 2013

တူသောအကျိုး ပေးခဲ့လေသလား?

တူသောအကျိုး ပေးခဲ့လေသလား?
------------------------------------------------

“ဇနေတိ သဒိသံ ပါကံ .........”
မိမိ(ကောင်းမှု \မကောင်းမှု)နှင့်တူသောအကျိုးပေးလိမ့်မည်။
(ဗုဒ္ဓ)
စာသင်သားဘ၀က ကျက်မှတ်ခဲ့ဖူးတဲ့ စာသားလေးတစ်ခုပေါ့။ ဒါနဲ့ ပတ်သက်လို့
မကြာသေးခင်က ကြားသိခဲ့ရသော အကြောင်းအရာလေးတစ်ခုကို အများသိအောင် မျှဝေချင်ပါသေးတယ်။ တကယ့် ဖြစ်ရပ်မှန်လေးပါ။
မိုးခေါင်ရေရှားတဲ့ အညာဒေသရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တာပါ။ 
           ဒီအကြောင်းစပြောရင် အနှီရွာကလေးရဲ့ ရေရှားပါးတဲ့ အကြောင်းက စပြောရမယ်ထင်ပါတယ်။
သောက်ရေ သုံးရေအတွက် တစ်ဖက်ဆည်ကန်လေးကိုသာ အားကိုးအားထား ပြုနေရတဲ့ရွာ။
 ရေတွင်းတွေက ရေငံတွေပဲ ထွက်တဲ့ရွာ။ မိုးများတဲ့ နှစ်တွေမှာ ရေက တစ်နှစ်စာ လုံလောက်ပေမယ့် ၊ မိုးအသင့်အတင့် ရွာတဲ့ နှစ်တွေတော့ နွေအခါကျရင် ကန်ရေက ခန်းစမြဲ။ မိုးခေါင်တဲ့ နှစ်များဆိုရင်တော့ မိုးအကုန် ဆောင်းအကူးက စလို့ တစ်ဖက်ဆည်ကန်မှာ ရေက နတ္ထိပေါ့ ။ ဒီလိုရေရှားပြီလားဆိုရင် ရွာနီးနားမှာရှိတဲ့ အခြားရွာတွေကနေပြီး လှည်းရှိတဲ့လူက လှည်းနဲ့ ၊ လှည်းမရှိလူကျတော့ ရေထန်းသုံးပုံးတွေနဲ့ ပခုံးထမ်း ထမ်းလို့ သောက်ရေ သုံးရေအတွက် ရေကိုသယ်ယူကြရပါတယ်။ အချိန်ကုန် လူပန်း အတော့ကို ဒုက္ခ ရောက်ရရှာပါတယ်။ ဒါက ဒီရွာလေးရဲ့ ရေရှားပါးမှု ရဲ့ ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုပါ။
         တစ်နေ့တော့ ခုဏပြောခဲ့တဲ့ ရွာလေးကို လူတစ်ယောက် နွေအခါကြီး အလည်ရောက်ခဲ့ပါတယ်။ ရေရှားလို့ ဒုက္ခရောက်နေရသူတွေကို သနား ကရုဏာတွေ ဖြစ်သမို့
ဒီလူက ဒီရွာလေးကို ရေတွင်းတူးလှူဖို့ စိတ်ဆန္ဒများ ရှိသွားပါတယ်။ ခက်တာက ဒီရွာကလေ ရေတွင်းတူးရင် ဘယ်လောက် နက်နက်တူးတူး ရေငန်ပဲ ထွက်တာ။ ဒါပေမယ့် ဒီလူကလက်မလျှော့ပါဘူး ။ တကယ် ရေကြောကျွမ်းကျင်တဲ့ ပညာရှင်တွေ ရှာပြီး အကြံညဏ်များ ရယူပါတယ်။ ကံကောင်းထောက်မစွာပဲ “ရေချိုမထွက်ရင် ရေတွင်းတူးခ မယူပါဘူး” ဆိုတဲ့ ရေတွင်းတူးလုပ်ငန်း လုပ်တဲ့ ပိုင်ရှင်နဲ့တွေ့ခဲ့ပါတယ်။ တိုတိုပြောတော့ အဲဒီရွာလေးမှာ
ခုဏ ရေတွင်းတူး အဖွဲ့နဲ့ ရေတွင်းတူးကြပါရော။ တကယ်လည်း ရေချိုကထွက်ပါတယ်။ ပျော်လိုက်တာလေ ရေတွင်းအလှူရှင်ရော ရွာကလူတွေပါ။ စားလည်း ရေချိုတွင်းအကြောင်းပြော၊ သွားလည်း ရေချိုတွင်း အလုပ်လုပ်ရင်းလည်း ဒီရေချိုတွင်းကြောင်းပြောကြနဲ့ ဒီနှစ်နွေတော့ ရေအတွက် မပူမပင် နေရပြီပေါ့ ဆိုပြီး သိပ်ပျော်နေကြတာပေါ့။
     နွေရောက်တော့ တစ်ဖက်ဆည်ကန်က ရေခမ်းမြဲ ခမ်း။ ရေချို စက်တွင်းကတော့ ခုဆို အတော့ကို အားကိုးနေရပြီ။ နွေ အစ တစ်လလုံး ရေချိုကထွက်မြဲ ၊ ရွာကလူတွေလည်း ပျော်မြဲ။
နွေလည်လများရောက်တော့ အဲဒီရေချိုးတွင်းက ရေငံတွေထွက်လာပါသတဲ့။ ထွက်လာတဲ့ ရေငန်က ဘယ်လောက် ငန်သလဲဆို ပလုပ်ကျင်းလိုက်ရင် ပါးစပ်ထဲ ငန်တူးခါး အရသာကြီး တစ်နေ့လုံးစွဲကျန်နေတယ်တဲ့။ ဒီရေငန်ထိတဲ့ အပင်တွေဆို မကြာခင် သေကုန်ပါတယ်။ အဲလောက်ထိငန်တယ်။ ဘယ်လိုမှ သုံးမဖြစ်တဲ့ ရေငန်တွင်းလေး လုံးလုံး လျားလျား ဖြစ်သွားပါပြီ။
ဘာလို့ ရေချိုတွင်းလေးငန်ရတာလဲလို့ ဒီနေရာမှာ မေးစရာ ရှိလာပါတယ်။ဟုတ်ပ ရေချိုတွေ တအားထွက်တဲ့ တွင်းကလေး ခုတော့ ရေငန်တွေပဲ ထွက်နေရှာတာ အံ့သြစရာကြီး။
         ရေတွင်းလေးနဲ့ ပက်သက်သမျှ ဆန်းစစ်ကြည့်တော့ နဂိုကတည်းက ရေငန်ကြောမိတဲ့ နေရာမို့
ရေချိုရေတွေ ကုန်လို့ နီးစပ်ရာရေငန်ကြောက ရေတွေထွက်လာတာနေမှာပေါ့။ ဒါက သဘာဝတော့ ကျပါတယ်။
         ဒါပေမယ့် ဒီရွာက လူတွေက ဒီလို လက်မခံဘူး။ သူတို့က အကုသိုလ်ကံ ချက်ခြင်းအကျိုးပေးလို့ ငန်ရတာတဲ့။ ဟုတ်ပါပြီ ဒါဆို ဒီအကုသိုလ်ကံက ဘယ်သူကျူးလွန်တာလဲ ဆိုတော့ ရေတွင်း အလှူရှင်က ယုံကြည်လို့ ထိန်းသိမ်းစောင့်ရှောက်ပါလို့ ခိုင်းထားတဲ့ လူတစ်ယောက်ကြောင့်ပါတဲ့ ။ ကဲ.. အဲဒီလူက ဘာအမှားလုပ်လို့လဲ ? ရွာသားတွေ ပြောတာတော့ အနှီပုဂ္ဂိုလ်ဟာ ရေတွင်းအလှူရှင်က ရေတွင်းကရေတွေကို စက်နဲ့ မောင်းတင်တဲ့အခါ ကုန်မယ့် စက်သုံးဆီကို အလုံအလောက် ပေးလှူပါလျှက်က မလောက်ဘူးဆိုပြီး ရွာသားတွေ အထံက အပိုဆောင်း ဆီကြေး ထပ်ကောက်ခံပါသတဲ့ ။ မပေးရင် ရေလာမခပ်နဲ့လို့လည်း ပြောခဲ့ပါသတဲ့။ ရွာကလူအတော်များများကတော့ မဟုတ်တာလုပ်မှန်း သိပေမယ်လို့ ရေရဖို့က အဓိကဆိုတော့ ပေးကြပါတယ်။ ဒီလူကလေ ငွေတောင်းယုံနဲ့တင် မကဘူး ဘယ်သူကတော့ ရေဘယ်လောက် ခပ်နေတာ ၊ များတယ် ၊ ပိုက်ဆံကောက်တော့ နဲနဲပဲ ထည့်တယ် …စသဖြင့် ဆူဆူပူပူလုပ်သေးပြန်ပါတယ်။ ဒီလိုလုပ်ရပ်တွေ လုပ်ပြီးလို့ ရက်ပိုင်းအတွင်းမှာပဲ ရေချိုထွက်တဲ့ ရေတွင်းလေးက ရေငန်တွေပဲ ထွက်နေတော့ပါသတဲ့။ အလှူရှင်က ဒီအကြောင်းတွေ ကြားသိရတော့ အတော့ကို စိတ်မကောင်း ဖြစ်နေရရှာတယ် လို့ သိရပါတယ်။
        အဲဒီရွာက လူတွေ ရေချိုတွင်းလေးအကြောင်းကို လွမ်းမောတသစွာ ခုထိ ပြောနေကြတာက “ဇနေတိ သဒိသံ ပါကံ = တူသောအကျိုးပေးလို့ တို့ ရေချိုတွင်းလေး ရေငန်တွင်း ချက်ချင်းဖြစ်သွားရတာတဲ့” ။

*မှတ်ချက် ။ ။ ရေတွင်း အလှူရှင်မှာ မိမိ၏ အကိုဝမ်းကွဲ တော်စပ်သူ မန္တလေးမှ ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် သဘော သက်ရောက်မည်စိုး၍ အမည်နာမများ ထည့်ပြီး ရေးမထားခြင်း ဖြစ်ပါသည်။
                                                                                                 (သံသရာ ခရီးသည်)

စိတ္တရ တောင်ခါးပန်းက အရိုင်းပန်း တစ်ပွင့် (သို့) စိတ္တရ တောင်ခါးပန်းက ငရဲခန်းကို နိုင်မည့်သူ



                                         အပိုင်း(၁)
မိလက္ခမုဆိုး အကုသိုလ်ကံ ကြီးချက်။ ရဟန္တာ အရှင်မြတ်ကြီး တည်ထားတဲ့ သောက်ရေအိုးက ရေအပြည့်ကို သူခပ်သောက်တော့ တစ်စက်မှ ပါမလာပဲ အိုးက ရေခမ်းသွားသတဲ့။ ဒါတောင်သူက "သူများလှူတဲ့ ဆွမ်းစားပြီး ဘုရားသားတော်များ အိပ်ချက် ရေတစ်စက်တောင် ခပ်ထည့်ဖော် မရဘူး" လို့ အပြစ်များ တင်လိုက်သေး။
သြော် …လူတွေ လူတွေ ကိုယ်က အကုသိုလ်ကံကြီး ထိုက်နေတာကို တရား မရတဲ့အပြင် သူများကို အပြစ်တင်ဖြစ်အောင် တင်လိုက်သေးတယ်နော်…
သိပ်ကြောက်ဖို့ ကောင်းတယ် သိပ်ကြောက်ဖို့ ကောင်းတယ်။
                                        ( ၂ )
     မိလက္ခ မုဆိုးကြီးဆိုတာ နှစ်ပေါင်းငါးဆယ်ကျော်လောက် သူ့ အသတ်သတ်ပြီး သားစာမယားစာ ရှာကြွေးနေတဲ့ မုဆိုးကြီးပါ။ မနေ့က သူရောက်ခဲ့တာက ဟို သီရိလင်္ကာ ရောဟဏ ဇနပုဒ်နားက စိတ္တရ တောင်ခါးပန်းမှာ တည်ရှိတဲ့ တောကျောင်းလေးနားမှာရှိတဲ့ ရေအိုးစင်လေးကိုပါ။
ခုဏပြောတဲ့ တောကျောင်းလေးမှာသီတင်းသုံးနေကြတာက '' စူဠပိဏ္ဍပါတိကတိဿ ရဟန္တာ အရှင်မြတ်ကြီးနဲ့ သူတပည့် သာဝကတွေ ပါ။ မိလက္ခရဲ့ အပြစ်တင်သံကိုကြားတော့ ခုဏပြောတဲ့ ရဟန္တာအရှင်မြတ်ကြီးက သီတင်းသုံးရာ ကျောင်းကနေကြားပါသတဲ့။ ပြီးတော့ ဘယ်နှယ်ပါလိမ့် ငါ ခုဏမှ ရေအိုးစင်မှာ ရေအပြည့်ထည့်ထားပါလျှက်က ။ အင်း ထူးဆန်းပ။ သွားကြည့်ဦးမှပဲဆို ကျောင်းက ထွက်လာပြီး မိလက္ခကြီး အနီးရောက်အောင် ကြွလာခဲ့တယ်။ နောက် ရေအိုးတွေကို အဖုံးလေးများဖွင့်ကြည့်လိုက်တော့ ရေကအပြည့်ပဲ။ အို… ဘယ့်နှယ့် ထူးလိုက်ပါဘိ ထူးလိုက်ပါဘိ။ ဘယ်လိုဖြစ်တာလဲ မုဆိုးကြီးရဲ့  ရေအိုးတွေမှာ ရေ အပြည့်ရှိပါလျှက်ကယ်က သင်က ရေမရှိဘူးလို့ ဆိုပါ့လား။ ရော့ ရော့ ငါခပ်တိုက်စမ်းပါ့မယ် ဝအောင်သာ သောက်ပေတော့ ဆိုပြီး မထေရ်ကြီးက ရေခပ်တိုက်ပါသတဲ့။ ဒီတော့မှ မုဆိုးကြီး ရေသောက်ရပါတယ်။ တကယ်တော့ ရေက အပြည့်။ သူ့အကုသိုလ်ကံက ကြီးလေးနေတော့ သူခပ်လိုက်တိုင်း အိုးထဲက ရေက ခမ်းခမ်းသွားတာ။ ကြောက်ဖို့ ကောင်းတယ် ဟုတ်။ အရှင်လတ်လတ် ငရဲမီးတွေ သူ့ကိုမှာ တောက်လောင်နေတာ ။ ဒီငရဲမီး အရှိန်ကြောင့် အိုထဲက ရေက ခမ်းခမ်းသွားတာ ။ ရဟန္တာဖြစ်တဲ့ မထေရ်ကြီးက
''ဟဲ့ မုဆိုးကြီး သင်ဟာ အရှင်လတ်လတ်ကြီးကို ငရဲကျနေပြီ သေရင်တော့ ဘယ်ကိုရောက်မလဲ ဆိုတာ သင်စဉ်းစားသာ ကြည့်ပေတော့" ဆိုလိုက်တော့ မုဆိုးကြီး မိလက္ခ လန့်သွားတယ်။ သူက မုဆိုးသာ လုပ်နေရတာ အခြေခံ ပညာတော့ အရှိ။ ဒါကြောင့် သဘောပေါက်သွားတယ်။ ချက်ခြင်း တောထဲပြေးဝင် သူထောင်ထားတဲ့ သားရဲထောင်ချောက်တွေ ပိုက်တွေကွန်တွေ အကုန်ဖြုတ် ပြီးတော့မိနေတဲ့ သားကောင်တွေကိုလည်း အကုန်လွှတ်ပစ်တယ်။ နောက် ခုဏ မထေရ် ကြီးဆီကို အပြေးတပိုင်းနဲ့ သူအရောက်ပြန်လာတယ်။
မထေမြတ်ကြီလည်း လျှောက်တယ် ''အရှင်ဘုရား ဘုရားတပည့်တော်ကို သနားသဖြင့် ရဟန်းဝတ်ခွင့် ပြုပါဘုရား '' လို့ တကယ့် ထိန့်လန့် သံဝေဂတွေနဲမို့ ငိုသံပါကြီးနဲ့ လျောက်ထားလိုက်ပါသတဲ့။ လူမှန်းသိတတ်စကတည်းက မုဆိုးဘဝနဲ့ နှစ်ပေါင်းငါးဆယ်ကျော် မိုက်တွင်းနက်လာခဲ့တဲ့ မိလက္ခကြီး ခုတော့ လိမ္မာပြီ လိမ္မာပြီ။

(မိုက်တွင်းနက်နက်တူးနေကြတဲ့ မိမိတို့လည်း မိလက္ခကြီး အတုယူလို့ လိမ္မာကြပါစို့)
                                       
                                          (၃)
 မိက္ခကြီး လိမ္မာပြီပြောခဲ့တယ်နော်…။ ဟုတ်တယ် သံသရာ ဘေးတွေ သူကြောက်လို့ မထေရ်ကြီးထံမှာ ရဟန်းပြုခွင့်တောင်းနေပြီ။"ကောင်းပြီ မုဆိုးကြီး ရဟန်းပြုချင်သပဆိုလည်း ပြုပေးရတာပ။ သို့သော်လည်း တို့ဘုရားရှင်က လူလွတ်များဆိုလည်း မိဘထံက ခွင့်ပြုပါမှ ။ အိမ်ထောင်သည်ဆိုလည်း ကိုယ့်အိမ်သူ သက်ထားက လေးလေးစားစား ခွင့်ပြုပါမှ ရဟန်းပြုပေးရမယ်လို့ ပညတ်ထားမို့ ကဲ အိမ်ခဏပြန်လို့ ခွင့်ပြုချက်တောင်းခံ ပေဦးတော့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ တိုတိုပြောတော့ ခွင့်ပြုချက်ရတော့ စိတ္တရတောင်ခါးပန်းက တောကျောင်းလေး အပြေးပြန်လာခဲ့တယ်ဆိုပါစို့။ မထေရ်ကြီးကလည်း '' ငါ၏ကိုယ်မှာ နံသာမွှေးကြိုင် မြဲခိုင်လှစွာ ကောင်းရာမမြင် ဆံပင်သာရှိ အမွေးရှိ၍ ရှိသည့်လက်သည်း ခြေသည်းတို့နှင့် သွားလည်းတစ်ထွေ အရေတစ်မျိုး ညှီနံ့ဆိုးသည် အသိုးအပုပ်ချည်းပါတကား '' လို့ ရှေ့ကနေ တစပဉ္စက ကမ္မဋ္ဌာန်းကို တိုင်ပေး ။ နောက်က မိလက္ခကြီးကိုလိုက်ဆိုစေပြီး ဆံပင်ကိုရိတ်နေပါပြီ။ *****ဒီနေရာမှာ တစပဉ္စက ကမ္မဋ္ဌာန်းလေး အကြောင်း နဲနဲ လင်းပြပရစေ။ ဒီကမ္မဋ္ဌာန်းက မိမိကိုယ်ခန္ဓာမှာရှိနေတဲ့ ဆံပင်စတဲ့ အမွေးတွေ , ခြေသည်းတွေ -လက်သည်းတွေ , အရေပြား အထူအပါးတွေ , သွားတွေဆိုတာတွေဟာ ဘာမှတွယ်တာဖို့ မကောင်းဘူး။ စက်ဆုပ်စရာကြီး , ရွံ့ စရာကြီးပါတကားလို့ ရှုရတဲ့ ကမ္မဋ္ဌာန်းပါ။ ဒီကမ္မဋ္ဌာန်းကို ခေါင်းရိတ်ဆဲ ခဏမှာ ပွားများလို့ ရဟန္တာကြီးတွေ ဖြစ်သွားကြတာ မနဲပါဘူး။ ပြောချင်တာက ခုခေတ်လူတွေက သင်္ကန်းဝတ်မယ်ဆို အိမ်ကသော်၎င်း , ဆိုင်ကသော်လည်းကောင်း ခေါင်းရိတ်လာတတ်တယ်။ ဒါ မကောင်းဘူး ။ မလုပ်ရဘူး ။ ကိုယ့်ရဲ့ မဂ်ဖိုလ် ရရာ ရကြောင်း အကြောင်းတရားကို ရိုက်ချိုးဖျက်ဆီးပြစ်တာနဲ့ အတူတူပါပဲ။ ရှင်ပြုမယ့် ကျောင်းရောက်မှ ဆရာတိုင်ပေးတဲ့ တစပဉ္စကကမ္မဋ္ဌာန်းကို စီဖြန်းရင်း သာခေါင်းရိတ် ဆံချ ပြုသင့်လှပါပေတယ်။***** အစဉ်အတိုင်းဆက်ပြောတော့ မိလက္ခကြီး ရဟန်းဖြစ်သွားပြီပေါ့။
မိလက္ခရဟန်းကြီးကို ဆရာဖြစ်သူ ရဟန္တာ အရှင်မြတ်ကြီးက ရဟန်းကြီး မိလက္ခ… သာသနာမှာ အလုပ်နှစ်မျိုးပဲရှိတယ် ။ သာသနာမှာနေမယ်ဆို ဒီနှစ်မျိုးလံးကိုလည်းကောင်း တစ်မျိုးမျိုးကိုသော်လည်းကောင်းလိမ့်ရလိမ့်မယ် ။ ဒါက ဘာတွေလည်းဆိုတော့ ပရိယတ် အလုပ်နဲ့ ပဋိပတ် အလုပ်ပဲ။ ဒါတွေရဲ့  လိုရင်းအဓိပ္ပါယ် သိအောင်ပြောရရင် ပရိယတ်ဆိုတာ ဘုရားဟော ဒေသနာတွေကို လေ့လာသင်ယူတာ ပို့ချတာ ဟောပြောတာကို ခေါ်တယ်။ ပဋိပတ်ဆိုတာ ဘုရားရှင် နည်းပြထားတဲ့ အတိုင်း မဂ်တရား ဖိုလ်တရားးတွေ ရအောင် ဝိပဿနာ ရှုပွားပြီးနေတာကို ခေါ်တယ်။ ဒီနှစ်မျိုးပဲ သာသနာတွင်းက အလုပ်က။ ဒီတော့ အရှင်ဘုရား ဘယ်အလုပ်လုပ်မယ် မျှော်မှန်းသလဲ။ မိလက္ခကြီးက ပြန်လျှောက်တယ် ။ "အရှင်ဘုရား တပည့်တော် အသကိလည်းကြီးပါပြီ။ ဥာဏ်တွေလည်း မထက်တော့ပါဘူး ။ တပည့်တော် ဒုတိယ အလုပ်ပဲ လုပ်ပါ့မယ် '' တဲ့။ ဒါနဲ့ သူ တရားထိုင်တယ်ပေါ့ ။ တကယ်ထိုင်တာ ။ သူတကယ် နောက်ဘဝ ကို ငရဲမကျချင်ဘူး။ ဘယ်လောက်ထိ ထိုင်လည်းဆို မအိပ်ပဲ ထိုင်တယ် ။အိပ်ချင်လာရင် ရေစွတ်ထားတဲ့ သင်္ကန်း ကရွတ်ခွေ ကြီး ခေါင်းစွပ်ပြီးထိုင်တာ ။ အဲလောက် အားထုတ်တာ။ ဒါပေမယ့် သူကံမကောင်းဘူး ။ ကံမကောင်းဘူး မျက်လုံးမှိတ် တရားထိုင်တာနဲ့ ပေါ်လာတဲ့ အာရုံက သူနှစ်ပေါင်းငါးဆယ်ကျော်လုံး သတ်ခဲ့တဲ့ သားကောင်ပုံရိပ်တွေပဲ မြင်ယောင်လာပါသတဲ့။ ကြောင်စရာ မကောင်းဘူးလား ? ကောင်းတယ် ကောင်းတယ် ကြောက်စရာ သိပ်ကောင်းတယ်နော်။ အကုသိုလ်ဆိုတာ အဲလို ကြောက်စရာ ကောင်းတာ။ ဒီတော့ မိလက္ခကြီး စိတ်ပျက်လာတယ် ။ " တန်တော့ တန်တော့ ငါ ဒီအကုသိုလ်က လွတ်မယ် မထင်ဘူး။ ငါ လူထွက်တာပဲ ကောင်းတယ်''လို့ စဉ်းစားစ ပြုလာပြီ။

(လူတိုင်း အခက်အခဲတွေ့ရင် ဒီလို စိတ်ပျက်စမြဲပဲ မဟုတ်လား။ မိမိတို့ရော တွေ့ကြုံလာတဲ့ အခက်အခဲကြောင့် အဲလို စိတ်ပျက် အားလျှော့လိုက်ကြတာတွေ အများကြီးမဟုတ်လား ? စဉ်းစားကြည့်ရအောင် ဘယ်အရာတွေကို ငါ ဘယ်နှစ်ခါ အားလျှော့ အရှုံးပေး ခဲ့ဘူးလဲလို့ …)
                                                
                                                  (၄)
  လူထွက်ရင် ကောင်းမယ်လို့ တွေးတွေးနေတဲ့မိလက္ခကြီး ။ ခု သူအရဲစွန့်ပြီး ဆရာသမားဖြစ်တဲ့ မထေရ်ကြီး အထံမှာ လူထွက်ဖို့ လျှောက်ထားလေပြီ။ ဆရာမထေရ်က မိလက္ခရဲ့ မဂ်ဖိုလ်ရကြောင်း အားကြီးတဲ့ အထောက်အပံ့ ရှိတာကို သိလေတော့ “ တပည့် တရားအားထုတ်လို့ အဆင်မပြေသေးဘူးဆိုရင် ကျောင်းသန့်ရှင်းရေးစတဲ့ ဝေယျာဝေစ္စလေးများ လုပ်ပြီး ပေါ့ပေါ့ပါးပါးနေပါကွယ် ၊ လူထွက်ဖို့တော့ မင်း စိတ်မကူးပါနဲ့” လို့ ပြန်ပြောပါတယ်။ ဒါနဲ့ မိလက္ခ ရဟန်းကြီး လူမထွက်ဖြစ်သေးဘူး ။ ဆရာမထေရ်ကလည်း သူ့တပည့်ကြီးကို ငရဲ အကြောင်း အကျယ်တဝင့် ဟောထားတဲ့ ဒေဝဒူတ သုတ္တန်ကို ဟောပြောပို့ချပေးပါသတဲ့။ မိလက္ခကြီးလည်း ဒီဒေသနာကို နာကြားရတော့ အတော်ကြီးကိုပဲ ငရဲကို လန့်သွားပါတယ်။
  ဒီလိုနဲ့ မိလက္ခရဟန်းကြီး ကျောင်းသန့်ရှင်းရေး ၊ သောက်ရေ ချိုးရေခပ် စတဲ့ ဝေယျာဝစ္စတွေ လုပ်ပြီး စိတ္တရတောင်ခါးပန်းက တောင်းကျောင်းမှာပဲ နေခဲ့ပါတယ်။ တစ်နေ့သားတော့ ကျောင်းတွင်းက သစ်ပင်တွေ ၊ စင်္ကြံလမ်းက လမ်းနဲ့မလွတ်တဲ့ သစ်ပင်တွေကိုခုတ်လို့ ကျောင်းတစ်နေရာစုပုံထားပါတယ်။
သစ်ကိုင်း သစ်ရွက်စိမ်းပုံကြီးက အတော့ကို ကြီးပုံရပါတယ်။ ဒီသစ်ကိုင်းစိမ်းပုံကြီးကို ဘယ်လိုလုပ်ရမလဲ ဆိုတာ ဆရာမထေရ်ကြီး အထံကို သွားရောက် လျောက်ထား မေးမြန်းပါသတဲ့ ။ ဆရာမထေရ်ကလည်း မီးနဲ့ ကပ္ပိလိုက်ကွဲ့လို့ စကားနဲ့ ညွှန်ကြားလိုက်ပါတယ်။ ညွှန်ကြားချက်ရပြီးတာနဲ့ ခုဏ သစ်ကိုင်း သစ်ရွက် အစိုပုံကြီးကို လေးဘက်လေးတန်ကနေ မီးများတင်ရှို့ပါတယ်။ ဒါပေမယ့် သစ်ကိုင်း သစ်ရွက်တွေက အစိုတွေဆိုတော့ ဘယ်လိုမှ မီးမစွဲပါဘူး။ မိလက္ခ ရဟန်းကြီး အကြံအိုက်နေပါပြီ။ ဆံပင်မရှိတဲ့ သူခေါင်းကို တဖျင်းဖျင်းကုတ်ပြီး စဉ်းစားပါတယ် ။ ဘယ်လိုလုပ်ရပါ့ပေါ့။ ဒါကို ဆရာမထေရ်က ခပ်လှမ်းလှမ်းကနေ လှမ်းမြင်နေပါတယ်။ မထေရ်ကြီးလည်း မိလက္ခရဟန်း နားကြွလာပြီး  “ စိုနေလို့ မီးမလောင်ဘူးထင်ပ၊ ဒါဖြင့် ခဏစောင့်ကွဲ့” ဆိုပြီး မိလက္ခရဟန်းရှေ့မှာတင်ပဲ မြေအပြင်ကို တန်ခိုးနဲ့ ခွဲဝင်ပြီး ငရဲပြည်ကို ငရဲမီး ယူရအောင် သွားပြီး ခဏနေလက်ထဲမှာ ပိုးစုန်းကြူး ပမာဏ မျှသာ ရှိတဲ့ ငရဲမီးကိုယူပြီး ပြန်ရောက်လာပါတယ်။ ဒီပိုးစုန်းကြူး ပမာဏ ငရဲမီးလေးကို ခုဏ မီးမလောင်ပဲ ဖြစ်နေတဲ့ သစ်ကိုင်းစို အပုံထဲ ပစ်ထည့်လိုက်ပါတယ်။ ချက်ခြင်းပဲ မီးမလောင်တဲ့ သစ်ကိုင်း သစ်ရွက်ပုံကြီး မီးလောင် ပြာကြသွားပါတယ်။ ပြီးတော့ မိလက္ခရဟန်းကြီးကို ဆရာမထေရ်က “ တပည့်ကြီး ဒါ ငရဲမီး ခေါ်သကွဲ့ မှတ်ထား ၊ အရှင်ဘုရား သာသနာမှာ ဆောက်တည်ရာ တရား မရှိပဲ လူထွက်ပြီး သေခဲ့ရင် အဲဒိ ငရဲမီးတွေနဲ့ လောင်ကျွမ်းပစ်တာ ခံရမှာပဲ” ဆိုတော့ မိလက္ခရဟန်းကြီး ကြောက်လိုက်တာလေ အသားတွေများ တုန်နေပါသတဲ့။ စိတ်ထဲကလည်း “မဖြစ်ဖူး ၊ ငါလူထွက်လို့ မဖြစ်ဖူး ၊ တရားအားမထုတ်လို့ မဖြစ်တော့ဘူး ၊ တရားအားထုတ်မှ ဖြစ်တော့မယ်”လို့ စိတ်ကူးမိတယ်။ ချက်ခြင်းတရား အားထုတ်တယ်။ ဒါပေမယ့် မိလက္ခရဟန်းကြီးရဲ့ ကမ္မဋ္ဌာန်း အာရုံမှာတော့ သူကြူးလွန်ခဲ့တဲ့ အကုသိုလ်တွေရဲ့ ပုံရိပ်တွေပဲ ထင်လာ မြင်လာ တာပါပဲ။  အကုသိုလ်များ တယ်ကြောက်ဖို့ ကောင်းတယ်နော်…။ ဒီတခါတော့ သူက အလျှော့ မပေးပါဘူး ။ ငရဲမီး အကြောင်း သူ ကောင်းကောင်း သိထားတယ် မဟုတ်လား?
    မိလက္ခ ရဟန်းကြီးခမျာ “ရှေ့တိုးတော့ ထမ်းပိုး ၊ နောက်ကြည့်တော့ လှည်းဘီး” ဆိုသလို ဖြစ်လာတယ်။
ဒါနဲ့ ဆရာမထေရ်နဲ့ ဆုံတဲ့ အခိုက် အာမခံ ရလို့ ရငြား စကားလေး မေးလျောက်ပါသတဲ့။ အရှင်ဘုရား တပည့်တော် သာသနာမှာနေပြီး ဒီလိုတရားအားထုတ်မယ်ဆို ဒီအဝီစိငရဲက လွတ်ဖို့ရန် သေချာပါသလား ? ဘုရား’’ ။ “သိပ်သေချာတာပေါ့ တပည့်ကြီးရယ်”ဆိုတော့ သူအားပြန်ရှိသွားတယ်။ အာမခံချက်ရပြီဆိုတော့ “ငါဘယ်တော့မှ လူမထွက်တော့ဘူး ၊ ငါ တရားထူးရအောင် အားထုတ်မယ်လို့ ဆုံးဖြတ်ချက်များ ချလိုက်ပြီး ဘာအာရုံ ဘယ်လိုပေါ်ပေါ် တရားကို အားထုတ်မြဲ အားထုတ်နေပါတော့တယ်။
***(အာမခံချက် ရှိတဲ့ အလုပ်လုပ်ရတာ ဘယ်လောက် ခက်ခဲခဲ လုပ်ရတာ အားရှိတယ်မဟုတ်လား။ နောက်ဆုံးမှာ ကိုယ်က အောင်မြင်ရမှာကိုး ။ မိမိတို့ကတော့ အာမခံချက်ပေးမယ့်သူများ မရှိသေးလေတော့ အလုပ်လုပ်ရတာ တစ်ခါတစ်ခါ စိတ်ပါလိုက်၊ မပါလိုက် ဖြစ်နေရပါတယ်။ မိတ်ဆွေတို့ရော ဘဝအတွက် အာမခံချက် ၊ သံသရာအတွက် အာမခံချက် လေးများ ရှိနေကြပြီလား မေးလိုက်ပါရစေ….အာမခံချက်လေးများရအောင် ကြိုးစားကြပါဦးစို့)***

                                     (၅)
 မိလက္ခ ရဟန်းကြီး တရားတွေ ကြိုးစား အားထုတ်နေတယ် ဆိုတာ ပြောခဲ့ပြီး
ပြီနော် ။ ဒါပေမယ့်လေ တရား မရဘူး။ တရားမှတ်တိုင်း အာရုံမှာ ထင်လာတာက
သူသတ်ခဲ့တဲ့ သားကောင်တွေရဲ့  ပုံရိပ်တွေပါပဲ။ ဒါ့ထက် ထူးမလာသေးပါ။
အနှစ်နှစ်အလလ ပြုလုပ်ခဲ့တဲ့ အာစိဏ္ဏကံ အကုသိုလ်က ဒီဘက် ရဟန်းဖြစ်တဲ့
အထိပါလာပါတယ်။ ဒါပေမယ့် မဂ်တား ဖိုတား အကုသိုလ်တော့ မဟုတ်ပါဘူး။

       ဒီနေရာမှာ မဂ်တား ဖိုလ်တား အကုသိုလ် အကြောင်း ပြောကြည့်ကြရအောင်။
မိမိတို့ကို မဂ်ဖိုလ်မရအောင် ပြုလုပ်မဲ့ အကုသိုလ်ကံ ငါးမျိုး ရှိပါတယ်။
အားလုံး သိပြီးသား ဖြစ်မယ်ထင်ပါတယ်။
၁။အမိကို သတ်မိတဲ့ ကံ (မာတု ဃာတက )
၂။အဖကိုသတ်မိတဲ့ ကံ (ပိတုဃာတက)
၃။ရဟန္တာကို သတ်မိတဲ့ ကံ ( အရဟန္တ ဃာတက)
၎။ဘုရားကို သွေးထွက် သံယို ဖြစ်အောင် ပြုမိတဲ့ ကံ ( လောဟိတုပ္ပါဒက)
၅။သံဃာ သင်းခွဲတဲ့ ကံ   (သံဃ ဘေဒက )   - ဒီကံ ငါးပါးထဲက တစ်ခုခုကို
ကျုးလွန်မိတဲ့သူများဟာ ဘယ်လိုတရား အားထုတ်ထုတ် တရား မရနိုင်ပါဘူး။ ဒါကို
စာလိုတော့ "ပဉ္စာနန္တိယ ကံ '' လို့ ခေါ်ပါတယ်။  မဂ်တား ဖိုလ်တား ရုံ မကဘူး
သေရင်လည်း အဝီစိပဲ။ ကြောက်ဖို့ ကောင်းတယ်နော်…။ ဒီလို
အကုသိုလ်ကံမျိုးတော့ မလုပ်မိအောင် အထူးသတိပြု ရှောင်ရှား ရပါမယ်။
ဒီအထဲကမှ မိမိတို့  ဒီဘဝမှာ ကျုးလွန်မိနိုင်တာက အမိသတ်တာ၊ အဖသတ်တာ၊ သံဃာတွေ မတည့်မရှုဖြစ်အောင် ကုန်းတိုက်သွေးထိုးပြီး သံဃာသင်းခွဲတာ။
ဘုရားသွေးစိမ်းတည်အောင်လုပ်တာ , ရဟန္တာ သတ်တာ တို့ကတော့ မိမိတို့နဲ့
အတော်လှမ်းလွန်းပါသေးတယ်။ ဒါက မဂ်တား ဖိုလ်တား အကုသိုလ် အကြောင်း နဲနဲ
ပေရှည် ပေးလိုက်တာ။
    
       ဒီလို အကုသိုလ်မျိုး ကျုးလွန်ထားတာ မိလက္ခ ရဟန်းကြီးမှာ မရှိဘူး။
 ဒါကြောင့် မိလက္ခကြီး တရားအားထုတ်ရင်တရားရနိုင်ပါတယ်။ တကယ်လည်း သူ အားထုတ်ပါတယ်။ သို့သော် ကိုယ်ဝန်ဆောင် မိခင်များ မီးဖွားဖို့ အချိန်မတန်သေးပဲ မမွေးဖွားတတ်သလိုမျိုးပဲ
တရားရချိန်မတန်သေးတော့ တရားမရနိုင်သေးပါဘူး။
     တနေ့သားတော့ မိလက္ခ ကိုယ်တော်ကြီး ရေအိုးလေးထမ်းလို့ ကျောင်းနဲ့ မနီးမဝေးမှာ ရှိနေတဲ့ စမ်းချောင်းလေးဘက် ရေခပ်ဖို့ ထွက်လာခဲ့ပါတယ်။ စမ်းချောင်းရောက်တော့ ရေအိုးလေးပေါင်ပေါ်တင် ရေခွက်နဲ့ ရေခပ်ယူ ပြီးရေစစ်လေးနဲ့ သေသေချာချာ စစ်ထည့် နေတဲ့ အခိုက် ကျောင်းက ကိုရင်လေးတစ်ပါးရဲ့ စာကျက်နေတဲ့ အသံကို ကြားရပါသတဲ့ ။ ကိုရင်လေးက ဓမ္မပဒ ဂါထာလေးကို အော်ပြီးကျက်နေတာ။  မိလက္ခ ကိုယ်တော်ကြီးကလည်း ရေစစ်ကနေ ကျလာတဲ့ ရေစက် ရေပေါက်တွေကို မျက်လုံးက ကြည့်လျက်က ထိုကိုရင်လေးရဲ့ စာကျက်သံကို နားကနေ အာရုံပြုလို့ အသေအချာ အာရုံ စူးစိုက်ပြီး နားထောင်နေပါတယ်။ ကိုရင်လေးကျက်နေတဲ့ ဂါထာကတော့
ဥဋ္ဌာနဝတော သတီမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသောဘိဝဍ္ဎုတိ။”  ဆိုတဲ့ ဂါထာပါ။
မြန်မာလိုပြောရရင်တော့ -

" (၁) ထကြွလုံ့လရှိသူ၊
(၂)သတိရှိသူ၊
(၃)စင်ကြယ်သောကံ သုံးပါးရှိသူ၊
(၄)စူးစမ်း၍ပြုလေ့ရှိသူ
(၅) (ဣနြေ္ဒကို) စောင့်စည်းသူ၊
(၆)တရားသဖြင့် အသက်မွေးသူ၊
(၇)မမေ့လျော့သူအား အခြွေအရံ အကျော်အစောသည် တိုးပွား၏။ " လို့ အဓိပ္ပါယ်ရပါတယ်။
ဒီတရားသံလေးကြားတော့ မိလက္ခကြီး စိတ်ထဲကနေ ဒီလို တွေးမိပါသတဲ့ ။ ဘယ်လိုလဲ ဆိုတော့
ဒီနေ့ကစပြီး ငါဟာ-
" ထကြွလုံ့လရှိ သူ ဖြစ်သင့်တယ် ၊ ဖြစ်ကိုဖြစ်ရမယ်
သတိရှိသူ ဖြစ်သင့်တယ် ၊ ဖြစ်ကိုဖြစ်ရမယ်
စင်ကြယ်သောကံ သုံးပါးရှိသူ ဖြစ်သင့်တယ် ၊ ဖြစ်ကိုဖြစ်ရမယ်
စူးစမ်း၍ပြုလေ့ရှိသူ ဖြစ်သင့်တယ် ၊ ဖြစ်ကိုဖြစ်ရမယ်
(ဣနြေ္ဒကို) စောင့်စည်းသူ ဖြစ်သင့်တယ် ၊ ဖြစ်ကိုဖြစ်ရမယ်
တရားသဖြင့် အသက်မွေးသူ ဖြစ်သင့်တယ် ၊ ဖြစ်ကိုဖြစ်ရမယ်
မမေ့လျော့သူဖြစ်သင့်တယ် ၊ ဖြစ်ကို ဖြစ်ရမယ် " ။ ဒီလို စကားတွေကို မိလက္ခ ကိုယ်တော်ကြီး စိတ်ထဲကနေ ကြုံးဝါး ပြောဆိုနေပါတယ်။ တရားသဘောတွေကို သူ ခုစပြီး သိသိလာပြီ။

လောကမှာကြီးပွားချင်သပ ဆိုရင် ခုဏ ကိုရင်လေး ရွက်ခဲ့တဲ့ ဂါထာလေးထဲကလိုပဲ
ထကြွလုံ့လ ရှိရမယ် ၊ သတိရှိရမယ် ၊ ကံသုံးပါး စင်ကြယ်ရမယ် ၊ စူးစမ်း ဆင်ခြင်တတ်ရမယ် ၊ မိမိရဲ့ ဣနြေ္ဒကို စောင့်စည်းပြီးနေရမယ် ၊ တရားသဖြင့် စီးပွားရှာပြီး အသက်မွေးရပါမယ် ၊ မေ့ မေ့ လျော့လျော့ မနေရဘူး ။

ကဲ.. ကြီးပွားချင်ရင် မိမိနဲ့ မိတ်ဆွေတို့လည်း မိလက္ခ ကိုယ်တော်ကြီးလိုပဲ
ဒီနေ့ကစပြီး ငါတို့ဟာ-
" ထကြွလုံ့လရှိ သူ ဖြစ်သင့်တယ် ၊ ဖြစ်ကိုဖြစ်ရမယ်

သတိရှိသူ ဖြစ်သင့်တယ် ၊ ဖြစ်ကိုဖြစ်ရမယ်

စင်ကြယ်သောကံ သုံးပါးရှိသူ ဖြစ်သင့်တယ် ၊ ဖြစ်ကိုဖြစ်ရမယ်

စူးစမ်း၍ပြုလေ့ရှိသူ ဖြစ်သင့်တယ် ၊ ဖြစ်ကိုဖြစ်ရမယ်

(ဣနြေ္ဒကို) စောင့်စည်းသူ ဖြစ်သင့်တယ် ၊ ဖြစ်ကိုဖြစ်ရမယ်

တရားသဖြင့် အသက်မွေးသူ ဖြစ်သင့်တယ် ၊ ဖြစ်ကိုဖြစ်ရမယ်

မမေ့လျော့သူဖြစ်သင့်တယ် ၊ ဖြစ်ကို ဖြစ်ရမယ် " ။ လို့ ကြွေးကြော် လိုက် ကြပါဦးစို့ ။
                                            (၆)
မိလက္ခ ကိုယ်တော်ကြီး စမ်းချောင်းလေး နံဘေးမှာ ရေခပ်ရင်းတန်းလန်းက ပထမ ကိုရင်လေး စာကျက်သံကို တရားနှလုံးသွင်းနေလို့ ဆုံးတော့ ဒုတိယကိုရင်လေး ရဲ့ စာကျက်သံကို ကြားရပြန်ပါသသတဲ့။

အပ္ပမတ္တာ သတီမန္တော၊ သုသီလာ ဟောထ ဘိက္ခဝေါ။
 သုသမာဟိတသင်္ကပ္ပါ၊ သစိတ္တမနုရက္ခထ။’’

ကိုရင်လေးရဲ့ စာကျက်သံ ရဲ့ လိုရင်း အဓိပ္ပါယ်ကတော့ -

၁။သတိရှိကြပါ။
၂။သီလ စင်ကြယ်ပါ။
၃။မိမိရဲ့ စိတ်ကို ကောင်းတဲ့ အာရုံမှာ ထားပါ။
၎။မိမိရဲ့ စိတ်ကို ကောင်းစွာ ထိန်းချုပ်စောင့်ရှောက်ပါ-တဲ့။

    ဆိုလိုတာကတော့  မိမိတို့ဟာ ရုပ်နာမ် ဓမ္မ သင်္ခါရ တရားတွေရဲ့ ဖြစ်မှု ပျက်မှု သဘောကို သတိနဲ့ ကြည့်ရှု ဆင်ခြင်ပြီးနေကြပါ။ မိမိတို့ရဲ့ သီလတွေ စင်ကြယ်အောင်လည်း အားထုတ်ကြပါ။ အာရုံ အမျိုးမျိုးမှာ ပျံ့လွင့်နေတဲ့ မိမိတို့ စိတ်ကလေးကို တည်ကြည်ငြိမ်သက်လာအောင် သတိ ၊ ပညာ ၊ ဝီရိယတွေနဲ့ ထိန်းချုပ်စောင့်ရှောက်ကြပါ လို့ ပြောတာ။
   မိလက္ခ ကိုယ်တော်ကြီးက ဟာ… ဒီကိုတော်လေး စာကျက်တာက ငါ့ကို တရားဟောနေ  သလိုပါပဲလား ၊ ငါ့ကို ဆုံးမနေ သလိုပါပဲလား ။ ဟုတ်တယ် ဟုတ်တယ်။ ငါ့ကိုပြောနေတာ။ ငါ့ကိုဟောနေတာ။ သူပြောသလို ငါလုပ်ရမယ် ၊ သူဟောသလို ငါ ကျင့်ရမယ် လို့ တွေးမိပါသတဲ့။
အဲဒီ အတွေးကြောင့် မိလက္ခ ကိုယ်တော်ကြီးက ခုကစပြီး

 “ငါဟာ သတိနဲ့ နေသင့်တယ် ၊ နေကိုနေရမယ်။
ငါဟာ သီလစင်ကြယ်အောင် နေသင့်တယ် ၊ နေကို နေရမယ်။
ငါဟာ ငါရဲ့စိတ်ကို စင်ကြယ်တဲ့ အာရုံမှာ ထားသင့်တယ် ၊ ထားကို ထားရမယ်။
ငါဟာ ငါရဲ့ စိတ်ကို ကောင်းကောင်းကြီး ထိန်ချုပ်သင့်တယ် ၊ ထိန်းကို ထိန်းချုပ်ရမယ်” လို့ သံဓိဋ္ဌာန် ချလိုက်ပါတော့ သတဲ့။

မိမိရော မိတ်ဆွေတို့ပါ ဒီလို-
သတိနဲ့ နေသင့်တယ် မဟုတ်လား ?
သီလတွေလည်း စင်ကြယ်သင့်တယ် မဟုတ်လား?
စိတ်တွေကိုလည်း ကောင်းတဲ့ အာရုံမှာ ထားသင့်တယ် မဟုတ်လား?
စိတ်တွေကို ထိန်းချုပ်ပြီး သမာဓိတွေ ထူထောင်သင့်တယ် မဟုတ်လား ?
ဒီလို လုပ်ကိုလုပ်ရမယ် လို့လည်း သံဓိဋ္ဌာန်တွေ ချသင့်တယ် မဟုတ်ပါလား? လို့ မိမိကတော့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်မိပါတော့တယ်….။

      စိတ္တရ တောင်ခါးပန်းက အရိုင်းပန်း တစ်ပွင့် (သို့) စိတ္တရ တောင်ခါးပန်းက ငရဲခန်းကို နိုင်မည့်သူ
                                                    (၇)
         မိလက္ခ ကိုယ်တော်ကြီးလေ ဒုတိယ ကိုရင်လေး စာကျက်သံကို အာရုံပြု ပြီး တရားနှလုံးသွင်းပြီးတာနဲ့ တစ်ဆက်တည်း မှာပဲ တတိယ ကိုရင်လေးရဲ့ စာကျက်သံကို ကြားရပြန်ပါတယ် ။ ဒီစာကျက်သံလေးကိုလည်း အသေအချာ နားထောင်လိုက်ပါသေးသတဲ့။

အာရမ ၻထ နိကၠမထ ယုဥၨထ ဗုဒၶသာသေန
ဓုနာထ မစ္စုနော သေနံ နဠာဂါရံဝ ကုဉ္ဇရော

ဟူသော ဂါထာကို ကိုရင်လေးက ရွတ်နေတာနော်။ ဒါကိုဘယ်သူကြားသလဲတိုတော့ စမ်းချောင်းလေးမှာ ရေခပ်နေတဲ့ မိလက္ခ ကိုယ်တော်ကြီး ကြားနေတာ။ သတိ ၊ ပညာတွေနဲ့ နာနေတာ။
ဒီဂါထာလေးရဲ့ အဓိပ္ပါယ်ကို မြန်မာပြောတော့
မြတ်ဘုရား သာသနာ ကြုံတုန်း ကြံခိုက်လေးမှာ သံသရာဝဋ်ဆင်းရဲကနေ လွတ်ရအောင်
၁။ ရှေ့ဆုံးကနေ ကြိုးစားလို့အားထုတ်စမ်းပါ။
၂။ ပျင်းမနေကြပဲ ကြိုးစားလို့အားထုတ်စမ်းပါ။
၃။ တစ်ဆင့် နဲ့ တစ်ဆင့် မြင့်သထက်မြင့်အောင် ကြိုးစားလို့အားထုတ်စမ်းပါ။
ထင်သာအောင် ဥပမာလေးနဲ့ ပြောရရင် အားကြီးတဲ့ ဆင်ပြောင်ကြီးဟာ ကျူရိုးနဲ့ ဆောက်ထားတဲ့ တဲအိမ်ကလေးကို မှုန့်မှုန့်ညက်ညက်ဖြစ်အောင် နင်းချေဖျက်ဆီးသလိုမျိုးပဲ မိမိတို့ သဏ္ဍာန်မှာ ရှိနေတဲ့လောဘ ၊ ဒေါသ ၊ မောဟ စတဲ့ ကိလေသာ တရားတွေကို သူတော်ကောင်းတရားလို့ ခေါ်တဲ့ ဖျက်အားပြင်း လက်နက်တွေ နဲ့ အဆက်မပြတ် လုံးဝ ပျက်စီးသွားအောင်  ကြိုးစားပြီး ဖျက်ဆီး လိုက်ကြစမ်းပါ-တဲ့။

        ဒီဂါထာလေးကို မိလက္ခ ကိုယ်တော်ကြီး ကြားနာလိုက်ရတော့ “ ဟုတ်တယ် ၊ ကိုရင်ပြောတာ မှန်လိုက်တာ ၊ ကိုရင်တွေဟာ စာကျက်တာ ဆိုပေမယ့် ငါ့ကို တရားဟောနေတဲ့ အတိုင်းပါပဲလား ။ဟုတ်တယ် ၊ မှန်တယ် ။ ငါ ဒီအချိန်က စလို့ ကိုရင်လေး ပြောသလို-
ရှေ့ဆုံးကနေ ကြိုးစားလို့အားထုတ်သင့်တယ် ၊ အားလည်း အားထုတ်ရမယ်။
ပျင်းမနေပဲ  ကြိုးစားလို့အားထုတ်သင့်တယ် ၊ အားလည်း အားထုတ်ရမယ်။
တစ်ဆင့် နဲ့ တစ်ဆင့် မြင့်သထက်မြင့်အောင် ကြိုးစားလို့အားထုတ်သင့်တယ် ၊ အားလည်း အားထုတ်ရမယ်။ ဆင်ပြောင်ကြီးဟာ ကျူရိုးနဲ့ ဆောက်ထားတဲ့ တဲအိမ်ကလေးကို မှုန့်မှုန့်ညက်ညက်ဖြစ်အောင် နင်းချေဖျက်ဆီးသလိုမျိုးပဲ ငါ့ရဲ့ သဏ္ဍာန်မှာ ရှိနေတဲ့လောဘ ၊ ဒေါသ ၊ မောဟ စတဲ့ ကိလေသာ တရားတွေကို သူတော်ကောင်းတရားလို့ ခေါ်တဲ့ ဖျက်အားပြင်း လက်နက်တွေ နဲ့ အဆက်မပြတ် လုံးဝ ပျက်စီးသွားအောင်  ကြိုးစားပြီး ဖျက်ဆီးပြစ်ရမယ် ” လို့ စိတ်ထဲ  ကြုံးဝါးပြောဆိုနေလိုက်ပြီး တကယ်လည်း နှလုံးသွင်း ဆင်ခြင် နေနေ ပါသတဲ့။
          ကဲ.. မိလက္ခ ကိုယ်တော်ကြီး လိုပဲ မိမိ နဲ့ မိတ်ဆွေတို့လည်း ခုချိန်ကစလို့
ရှေ့ဆုံးကနေ ကြိုးစားလို့အားထုတ်သင့်တယ် ၊ အားလည်း အားထုတ်ရမယ်။
ပျင်းမနေပဲ  ကြိုးစားလို့အားထုတ်သင့်တယ် ၊ အားလည်း အားထုတ်ရမယ်။
တစ်ဆင့် နဲ့ တစ်ဆင့် မြင့်သထက်မြင့်အောင် ကြိုးစားလို့အားထုတ်သင့်တယ် ၊ အားလည်း အားထုတ်ရမယ်။ ဆင်ပြောင်ကြီးဟာ ကျူရိုးနဲ့ ဆောက်ထားတဲ့ တဲအိမ်ကလေးကို မှုန့်မှုန့်ညက်ညက်ဖြစ်အောင် နင်းချေဖျက်ဆီးသလိုမျိုးပဲ ငါ့ရဲ့ သဏ္ဍာန်မှာ ရှိနေတဲ့လောဘ ၊ ဒေါသ ၊ မောဟ စတဲ့ ကိလေသာ တရားတွေကို သူတော်ကောင်းတရားလို့ ခေါ်တဲ့ ဖျက်အားပြင်း လက်နက်တွေ နဲ့ အဆက်မပြတ် လုံးဝ ပျက်စီးသွားအောင်  ကြိုးစားပြီး ဖျက်ဆီးပြစ်ရမယ် ” လို့ အသီးသီး စိတ်ထဲက ကြုံးဝါးလို့ တရားသဘောတွေကို နှလုံးသွင်း ဆင်ခြင်ကာ နေနိုင်အောင် ကြိုးစားကြပါဦးစို့။
                                                                         

မိလက္ခ ကိုယ်တော်ကြီး တတိယ ကိုရင်လေးရဲ့ စာကျက်သံကို
နှလုံးသွင်းပြီး မိမိခန္ဓာကိုမှာ ရှိတဲ့ ရုပ်တရား နာမ်တရားတွေရဲ့ မမြဲခြင်းသဘော ၊ ဆင်းရဲခြင်းသဘော ၊ အစိုးမရခြင်း သဘောတွေကို တရားသဘောနဲ့ ထင်လာ မြင်လာ အောင် ရေအိုးလေး ပေါင်ပေါ်တင်ပြီး ရေကလေးများ ခပ်ယူ စစ်ထည့်ရင်းက ဆင်ခြင် ရှုပွားနေလိုက်တဲ့ ခဏမှာပဲ တရားသဘောတွေဆိုက်လို့ သောတာပတ္တိမဂ် ၊ သောတာပတ္တိဖိုလ် ၊ သကဒါမိမဂ် ၊ သကဒါမိဖိုလ် ၊ အနာဂါမိမဂ် ၊ အနာဂါမိဖိုလ် ဆိုပြီး အစဉ်အတိုင်း သုံးမဂ် သုံးဖိုလ် သို့ ကောင်းစွာ ရောက်ရှိ ရရှိသွားပါသတဲ့။ နေ့မနား ညမအား တရားတွေ အားထုတ်ခဲ့ပေမယ့်လည်း ဘာတရားထူးမှ မရခဲ့တဲ့ မိလက္ခ ကိုယ်တော်ကြီး လေ ကိုရင်လေးတွေရဲ့ စာကျက်သံကို လေးလေးစားစား နာထောင်ပြီး သူတို့ ကျက်မှတ်တဲ့ စာထဲမှာ ပါတဲ့ အတိုင်း နှလုံးသွင်း အားထုတ်လိုက်တော့ ဟော…ခု တရားထူးတွေရလို့ အပါယ်တံခါးကြီးတွေ ပိတ်သွားပါပြီ။ ဟောဒိ ကာမဘုံ နောက်တစ်ခါ ယောင်လို့တောင်မြန်မလာတော့ပဲ  ဗြဟ္မဘုံသို့သာ လားရောက်ရန်ရှိတော့တဲ့ အနာဂါမ် အရိယာ သူတော်ကောင်းကြီး ဖြစ်လို့ သွားပါပြီ။ အားကျဖို့ မကောင်းဘူးလား ? အားကျဖို့ ကောင်းလိုက်တာနော်…။ မိလက္ခ ကိုယ်တော်ကြီး သိပ်ကိုကြောက်တဲ့ ငရဲမီးတွေနဲ့ လောင်ကျွမ်းခံရမယ့်ဘေးက ခုတော့ သူ ပြေးလို့လွတ်ခဲ့ပါလေပြီ။
          ဒီလို သူ တရားထူးတွေ ရပြီဆိုတော့ မိလက္ခကိုယ်တော်ကြီးလေ ဝမ်းသာလိုက်တာ။ ဒီလို ဝမ်းသာပီတိ ဖြစ်မှုမျိုးကို ဒီဘဝမှာရော ၊ ကျင်လည်ခဲ့ဘူးသော သံသရာတစ်လျှောက်မှာပါ ဒီတစ်ခါသာ သူရဘူးတာမို့ ဝမ်းသာလွန်းလို့လေ အားလုံးကြားသွားအောင် ဂါထာလေးတစ်ပုဒ်နဲ့ ဥဒါန်းကျူးရင့်လိုက်ပါသေးသတဲ့။ ဘယ်လိုများ ကျူးရင့်လိုက်သလဲဆိုတော့ -
“အလ္လံ ပလာလပဉ္စာဟံ၊
သီသေနာဒါယ စင်္ကမိံ။
ပတ္တောအသ္မိ တတိယံဋ္ဌာနံ၊
ဧတ္ထ မေ နတ္ထိ သံသယော။”  တဲ့။
မြန်မာလို ပြောမယ်ဆိုရင်
“ ငါသည် အိပ်ငိုက်ချင်စိတ်တွေ ဝင်မလာအောင် ရေစိမ်ထားတဲ့ ကရွတ်ခွေကို ခေါင်းမှာစွပ်လို့
မလဲမလျောင်းပဲ ၊ မထိုင်လည်း မထိုင်ပါပဲ ၊ မရပ်လည်း မရပ်ပါပဲ စင်္ကြံသွားခြင်း ဖြင့်သာလျှင် နေ့မအား ညမနား တရားတွေ အားထုတ်နေခဲ့ ပေမယ်လို့ ဘယ်လို တရားထူးကလေးကိုမှ မရခဲ့ပါဘူး၊ ခုတော့
ကံကောင်းလိုက်ထာ။ ကိုရင်လေးသုံးပါးတို့ရဲ့ စာကျက်သံကို ကြားနာမိလို့ နှလုံးသွင်းမှန်မှန်နဲ့
ဝိပဿနာတရားလေးများ ရှုပွားမိတဲ့ အခိုက်မှာတော့ ဟော.. ခုလေ သုံးမဂ် သုံးဖိုလ်များသို့ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိခဲ့ ရပါပေပြီ။ ဒီလို သုံးမဂ် သုံးဖိုလ် သို့ ဆိုက်ရောက် ခဲ့တာကိုဖြင့် ဟုတ်မှ ဟုတ်ပါစလို့ သံသယပွားပြီး သူများမေးစရာမလိုတော့အောင် တကယ်ပဲ ဆိုက်ရောက်ခဲ့ရပါပေပြီ။”
ဒါက မိလက္ခကိုယ်တော်ကြီး သူ အနာဂါမ် အရိယာကြီး ဖြစ်ပြီလို့ ကြွေးကြော်လိုက်တဲ့ စကားပေါ့နော်။
ဒီလို ဥဒါန်းလေးများ ကျူးရင့်ပြီး မိလက္ခ ကိုယ်တော်မြတ်ကြီး ရေခပ်တာလည်းပြီးပြီမို့ ရေအိုးလေးထမ်းလို့ မိမိသီတင်းသုံးရာ စိတ္တရ တောင်ခါးပန်းက ကျောင်းသင်္ကန်း ရှိရာကို ဦးတည်ကာ အပြုံးမျက်နှာ လဝန်းကြီးနဲ့ ကြွမြန်းလို့ ပြန်သွားပါပြီ။
          မိလက္ခ ကိုတော်မြတ်ကြီး အကြောင်းပြောပြရတာ ဝမ်းမြောက်စရာ ကောင်းလိုက်တာ။ အားကျစရာလည်း ကောင်းလိုက်တာ။ ဝမ်းမြောက်ယုံ အားကျယုံနဲ့ မပြီးပဲ မိမိ နဲ့ မိတ်ဆွေတို့လည်း မိလက္ခ ကိုယ်တော်မြတ်ကြီးလိုပဲ ကြုံခဲလှတဲ့ သာသနာမှာ ဖြစ်ခဲလှတဲ့ လူလည်းဖြစ်ခဲ့ရပါပြီ၊ ကြားနာရခဲရတဲ့ သူတော်ကောင်းတရားတွေ ကြားလည်း ကြားနာခဲ့ရပါပြီ ။ နောက်ဆုံး သူတော်ကောင်းတရားတွေ ကိုယ်တိုင် ကိုယ်ကျ ပွားလို့ များလို့ ၊ ကျင့်လို့ ကြံလို့ အပါယ်တံခါးပိတ်အောင် ကြိုးစားလိုက်ကြပါစို့ရဲ့။
                          
                                                 (သံသရာ ခရီးသည်)