
ဘဝစာမျက်နှာ အသင်းက ရှင်ပြုပေးထားတဲ့
ကလေးတွေလူဝတ်လဲပြီးဖြစ်လို့ ပြန်ကြတော့မှာမို့ မိမိကို
နှုတ်ဆက်ကန်တော့ကြတယ်။ မျက်ဝန်းကိုယ်စီက မျက်ရည်တွေကျလို့ပေါ့။
ဒီအရှင်က
လိမ်လိမ်မာမာနေ ၊ မိဘစကား နားထောင် ၊ စာကြိုးစားကြလို့ အားပေး စကားတွေ
ဆုပေးစကားတွေ ပြောကြားခဲ့ပါတယ်။ စိတ်မကောင်းခြင်း များစွာဖြင့်
ကဗျာလေးတစ်ပုဒ်လည်း လက်တန်း စပ်ဆိုမိခဲ့ပါတော့တယ်။
နှုတ်ဆက်ပွဲ ပန်းချီကား
====================================
*ငိုနေတဲ့မျက်လုံး
စိုနေတဲ့မျက်ဝန်းတွေနဲ့
အချင်းချင်းနှုတ်ဆက်ကြ
ခွဲကြရတော့မယ့်ဒီအချိန်…။
*မငိုနဲ့ကလေးတို့
ငါတို့ ပြန်ဆုံခွင့်တွေ ရှိသေးသား
အားမွေးထားလိုက်စမ်း
ဘဝခရီးကြမ်းတွေ ရင်ဆိုင်ဖို့ ။
*မှာလိုက်ပါရဲ့ 
လိမ္မာကြကွဲ့  ကလေးတို့
ငါတို့ပြန်ဆုံကြတဲ့အခါ
မင်းတို့ဟာ ပညာတတ်ကြီးတွေဖြစ်ကြ
မင်းတို့ဟာ သာယာတဲ့ဘဝတွေကိုပိုင်ဆိုင်ကြ
ငါကလည်း ပီတိတွေ ဖြာလို့ ဝမ်းသာရ
ကဲ... ဘယ်လောက်တောင် လှလိုက်တဲ့မြင်ကွင်းပါလဲ။
*မငိုနဲ့ ကလေးတို့
မငိုနဲ့ ကလေးတို့
ငါက အဲလို ရင်ဆို့နေတဲ့ ငိုသံပါကြီးနဲ့ ပြောနေမိတာပေါ့။
*နေဝင်ချိန်နဲ့ အပြိုင်
ရှိုက်သံတွေ လှိုင်နေတဲ့
နှုတ်ဆက်ပွဲ ပန်းချီကားကြီးက
ခံစားနာကြင်မှုတွေ ကြွကြွ ရွရွ
သြော်... လှတော့ အလှသား ။
( သံသရာ ခရီးသည် )
No comments:
Post a Comment
မှတ်ချက်ရေးသားလိုပါက အပေါ်ဘက်မှ post a commentကိုနှိပ်ပါ