တူသောအကျိုး ပေးခဲ့လေသလား?
------------------------------------------------

“ဇနေတိ သဒိသံ ပါကံ .........”
မိမိ(ကောင်းမှု \မကောင်းမှု)နှင့်တူသောအကျိုးပေးလိမ့်မည်။
(ဗုဒ္ဓ)
စာသင်သားဘ၀က ကျက်မှတ်ခဲ့ဖူးတဲ့ စာသားလေးတစ်ခုပေါ့။ ဒါနဲ့ ပတ်သက်လို့
မကြာသေးခင်က ကြားသိခဲ့ရသော အကြောင်းအရာလေးတစ်ခုကို အများသိအောင် မျှဝေချင်ပါသေးတယ်။ တကယ့် ဖြစ်ရပ်မှန်လေးပါ။
မိုးခေါင်ရေရှားတဲ့ အညာဒေသရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တာပါ။
ဒီအကြောင်းစပြောရင် အနှီရွာကလေးရဲ့ ရေရှားပါးတဲ့ အကြောင်းက
စပြောရမယ်ထင်ပါတယ်။
သောက်ရေ သုံးရေအတွက် တစ်ဖက်ဆည်ကန်လေးကိုသာ အားကိုးအားထား ပြုနေရတဲ့ရွာ။

ရေတွင်းတွေက ရေငံတွေပဲ ထွက်တဲ့ရွာ။
မိုးများတဲ့ နှစ်တွေမှာ ရေက တစ်နှစ်စာ လုံလောက်ပေမယ့် ၊ မိုးအသင့်အတင့်
ရွာတဲ့ နှစ်တွေတော့ နွေအခါကျရင် ကန်ရေက ခန်းစမြဲ။ မိုးခေါင်တဲ့
နှစ်များဆိုရင်တော့ မိုးအကုန် ဆောင်းအကူးက စလို့ တစ်ဖက်ဆည်ကန်မှာ ရေက
နတ္ထိပေါ့ ။ ဒီလိုရေရှားပြီလားဆိုရင် ရွာနီးနားမှာရှိတဲ့ အခြားရွာတွေကနေပြီး
လှည်းရှိတဲ့လူက လှည်းနဲ့ ၊ လှည်းမရှိလူကျတော့ ရေထန်းသုံးပုံးတွေနဲ့
ပခုံးထမ်း ထမ်းလို့ သောက်ရေ သုံးရေအတွက် ရေကိုသယ်ယူကြရပါတယ်။ အချိန်ကုန်
လူပန်း အတော့ကို ဒုက္ခ ရောက်ရရှာပါတယ်။ ဒါက ဒီရွာလေးရဲ့ ရေရှားပါးမှု ရဲ့
ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုပါ။
တစ်နေ့တော့ ခုဏပြောခဲ့တဲ့ ရွာလေးကို လူတစ်ယောက် နွေအခါကြီး အလည်ရောက်ခဲ့ပါတယ်။ ရေရှားလို့ ဒုက္ခရောက်နေရသူတွေကို သနား ကရုဏာတွေ ဖြစ်သမို့
ဒီလူက ဒီရွာလေးကို ရေတွင်းတူးလှူဖို့ စိတ်ဆန္ဒများ ရှိသွားပါတယ်။ ခက်တာက ဒီရွာကလေ ရေတွင်းတူးရင် ဘယ်လောက် နက်နက်တူးတူး ရေငန်ပဲ ထွက်တာ။ ဒါပေမယ့် ဒီလူကလက်မလျှော့ပါဘူး ။ တကယ် ရေကြောကျွမ်းကျင်တဲ့ ပညာရှင်တွေ ရှာပြီး အကြံညဏ်များ ရယူပါတယ်။ ကံကောင်းထောက်မစွာပဲ “ရေချိုမထွက်ရင် ရေတွင်းတူးခ မယူပါဘူး” ဆိုတဲ့ ရေတွင်းတူးလုပ်ငန်း လုပ်တဲ့ ပိုင်ရှင်နဲ့တွေ့ခဲ့ပါတယ်။ တိုတိုပြောတော့ အဲဒီရွာလေးမှာ
ခုဏ ရေတွင်းတူး အဖွဲ့နဲ့ ရေတွင်းတူးကြပါရော။ တကယ်လည်း ရေချိုကထွက်ပါတယ်။ ပျော်လိုက်တာလေ ရေတွင်းအလှူရှင်ရော ရွာကလူတွေပါ။ စားလည်း ရေချိုတွင်းအကြောင်းပြော၊ သွားလည်း ရေချိုတွင်း အလုပ်လုပ်ရင်းလည်း ဒီရေချိုတွင်းကြောင်းပြောကြနဲ့ ဒီနှစ်နွေတော့ ရေအတွက် မပူမပင် နေရပြီပေါ့ ဆိုပြီး သိပ်ပျော်နေကြတာပေါ့။
နွေရောက်တော့ တစ်ဖက်ဆည်ကန်က ရေခမ်းမြဲ ခမ်း။ ရေချို စက်တွင်းကတော့ ခုဆို အတော့ကို အားကိုးနေရပြီ။ နွေ အစ တစ်လလုံး ရေချိုကထွက်မြဲ ၊ ရွာကလူတွေလည်း ပျော်မြဲ။
နွေလည်လများရောက်တော့ အဲဒီရေချိုးတွင်းက ရေငံတွေထွက်လာပါသတဲ့။ ထွက်လာတဲ့ ရေငန်က ဘယ်လောက် ငန်သလဲဆို ပလုပ်ကျင်းလိုက်ရင် ပါးစပ်ထဲ ငန်တူးခါး အရသာကြီး တစ်နေ့လုံးစွဲကျန်နေတယ်တဲ့။ ဒီရေငန်ထိတဲ့ အပင်တွေဆို မကြာခင် သေကုန်ပါတယ်။ အဲလောက်ထိငန်တယ်။ ဘယ်လိုမှ သုံးမဖြစ်တဲ့ ရေငန်တွင်းလေး လုံးလုံး လျားလျား ဖြစ်သွားပါပြီ။
ဘာလို့ ရေချိုတွင်းလေးငန်ရတာလဲလို့ ဒီနေရာမှာ မေးစရာ ရှိလာပါတယ်။ဟုတ်ပ ရေချိုတွေ တအားထွက်တဲ့ တွင်းကလေး ခုတော့ ရေငန်တွေပဲ ထွက်နေရှာတာ အံ့သြစရာကြီး။
ရေတွင်းလေးနဲ့ ပက်သက်သမျှ ဆန်းစစ်ကြည့်တော့ နဂိုကတည်းက ရေငန်ကြောမိတဲ့ နေရာမို့
ရေချိုရေတွေ ကုန်လို့ နီးစပ်ရာရေငန်ကြောက ရေတွေထွက်လာတာနေမှာပေါ့။ ဒါက သဘာဝတော့ ကျပါတယ်။
ဒါပေမယ့် ဒီရွာက လူတွေက ဒီလို လက်မခံဘူး။ သူတို့က အကုသိုလ်ကံ ချက်ခြင်းအကျိုးပေးလို့ ငန်ရတာတဲ့။ ဟုတ်ပါပြီ ဒါဆို ဒီအကုသိုလ်ကံက ဘယ်သူကျူးလွန်တာလဲ ဆိုတော့ ရေတွင်း အလှူရှင်က ယုံကြည်လို့ ထိန်းသိမ်းစောင့်ရှောက်ပါလို့ ခိုင်းထားတဲ့ လူတစ်ယောက်ကြောင့်ပါတဲ့ ။ ကဲ.. အဲဒီလူက ဘာအမှားလုပ်လို့လဲ ? ရွာသားတွေ ပြောတာတော့ အနှီပုဂ္ဂိုလ်ဟာ ရေတွင်းအလှူရှင်က ရေတွင်းကရေတွေကို စက်နဲ့ မောင်းတင်တဲ့အခါ ကုန်မယ့် စက်သုံးဆီကို အလုံအလောက် ပေးလှူပါလျှက်က မလောက်ဘူးဆိုပြီး ရွာသားတွေ အထံက အပိုဆောင်း ဆီကြေး ထပ်ကောက်ခံပါသတဲ့ ။ မပေးရင် ရေလာမခပ်နဲ့လို့လည်း ပြောခဲ့ပါသတဲ့။ ရွာကလူအတော်များများကတော့ မဟုတ်တာလုပ်မှန်း သိပေမယ်လို့ ရေရဖို့က အဓိကဆိုတော့ ပေးကြပါတယ်။ ဒီလူကလေ ငွေတောင်းယုံနဲ့တင် မကဘူး ဘယ်သူကတော့ ရေဘယ်လောက် ခပ်နေတာ ၊ များတယ် ၊ ပိုက်ဆံကောက်တော့ နဲနဲပဲ ထည့်တယ် …စသဖြင့် ဆူဆူပူပူလုပ်သေးပြန်ပါတယ်။ ဒီလိုလုပ်ရပ်တွေ လုပ်ပြီးလို့ ရက်ပိုင်းအတွင်းမှာပဲ ရေချိုထွက်တဲ့ ရေတွင်းလေးက ရေငန်တွေပဲ ထွက်နေတော့ပါသတဲ့။ အလှူရှင်က ဒီအကြောင်းတွေ ကြားသိရတော့ အတော့ကို စိတ်မကောင်း ဖြစ်နေရရှာတယ် လို့ သိရပါတယ်။
အဲဒီရွာက လူတွေ ရေချိုတွင်းလေးအကြောင်းကို လွမ်းမောတသစွာ ခုထိ ပြောနေကြတာက “ဇနေတိ သဒိသံ ပါကံ = တူသောအကျိုးပေးလို့ တို့ ရေချိုတွင်းလေး ရေငန်တွင်း ချက်ချင်းဖြစ်သွားရတာတဲ့” ။
*မှတ်ချက် ။ ။ ရေတွင်း အလှူရှင်မှာ မိမိ၏ အကိုဝမ်းကွဲ တော်စပ်သူ မန္တလေးမှ ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် သဘော သက်ရောက်မည်စိုး၍ အမည်နာမများ ထည့်ပြီး ရေးမထားခြင်း ဖြစ်ပါသည်။
(သံသရာ ခရီးသည်)

No comments:
Post a Comment
မှတ်ချက်ရေးသားလိုပါက အပေါ်ဘက်မှ post a commentကိုနှိပ်ပါ