Thursday, April 18, 2013

သေမင်းတမန်များ ဟောသာတရား

Photo: သေမင်းတမန်များ ဟောသာတရား
***************************
       မနက်က သီလပေးတရားဟောရာမှာ ဒေဝဒူတသုတ်လာ
သေမင်းတမန် ၃ဦး အကြောင်းကိုပဲ ပြောခဲ့ ဟောခဲ့ရတယ်။
ဆွမ်းခံပြန်အလာ မောမောနဲ့ ဟောခဲ့ရတာ။ တရားနာမဲ့ ယောဂီရဟန်းတော်များလည်း
ဆွမ်းခံကြွအပြန် မမောနိုင် မပန်းနိုင် တရားနာကြရပါတယ်။
ဟောသူလည်းမော နာသူလည်းမောဆိုတော့
အင်း ..."အများချစ်တဲ့ ငါးမိနစ် တရား) ဟောမယ် ပြောပြီး ဟောလိုက်တာ တစ်နာရီ ကြာသွားတယ်။ တော်သေးတာပေါ့ အများချစ်တဲ့ ငါးမိနစ် မလို့ ။
နိုမို့ဆိုရင်တော့ မတွေးရဲစရာ ကြာမယ့်အချိန်ပြောပါတယ်။ ထားလိုက်ပါ ။
ခုပြောမှာက မနက်က တရားဟောတဲ့ အထဲက တရားလင်္ကာလေးတွေ
 ကောင်းတယ်ထင်လို့ မျှဝေချင်တာပါ။
      လူ့ပြည် လူ့လောကမှာ အို နာ သေ ဆိုတဲ့ ဒုက္ခက လူတိုင်းတွေ့ကြုံ ရမှာပါ ။ ပြေးလို့ လွတ်ကို မလွတ်ဘူး ။ဒါကြောင့် မိမိတို့ အို နာ သေ ဒုက္ခတွေ မတွေ့ကြုံသေးခင်
 ဒါန သီလ ဘာဝနာတွေကို ကြိုးစားပြုနိုင်ဖို့ တစ်ခါ မကောင်းမှုဒုစရိုက်တွေ မလုပ်ဖြစ်အောင် ရှောင်ကြဉ်နိုင်ဖို့ အတွက် သေမင်းတမန်ကြီး သုံးဦးက တရားတွေ လှည့်လည်ဟောနေပါသတဲ့ ။ဒီတရားများကို တို့များ မိတ်ဆွေတွေလည်း နာကြားနိုင်ဖို့ မျှဝေ လိုက်ပါရစေ…
ပထမ သေမင်းတမန်ဟောတဲ့တရားက-

``သူအိုကြီးက မြတ်ဓမ္မ
ဟောပြ တွေ့တိုင်းသာ
ငါအိုသလိုပဲ သင်တို့လည်း
အိုမြဲ ဓမ္မတာ
မအိုခင်က ကုသလ
ပြုကြဖန်ခါခါ
အိုဘေးလွတ်ရေး
မျှော်ထောက်ထွေး
မနှေးကျင့်ကြပါ ။ '' 

တဲ့ အဲလိုဟောဒါ ။ ဒါက ပထမ သေမင်းတမန်လို့ ခေါ်တဲ့ သူအိုကြီးက မိမိတို့ မိတ်ဆွေတို့ကို တရားဟောနေတာ ။
ဒုတိယ သေမင်းတမန် ကြတော့ သူနာကြီး , တတိယ ကတော့
သူသေကြီး တဲ့ ။ သူတို့ ဟောတဲ့ တရား လင်္ကာကို ဆိုချင်ရင်တော့
ခုဏ ဆိုခဲ့တဲ့ လင်္ကာထဲပါတဲ့ သူအိုကြီးက လို့ဆိုတဲ့ နေရာမှာ သူနာကြီးက ၊ သူသေကြီးက ၊ စသဖြင့် ပြောင်းလည်း၍ ဆိုနိုင်ပါတယ်။

"သူနာကြီးက မြတ်ဓမ္မ
ဟောပြ တွေ့တိုင်းသာ
ငါနာသလိုပဲ သင်တို့လည်း
နာမြဲ ဓမ္မတာ
မနာခင်က ကုသလ
ပြုကြဖန်ခါခါ
နာဘေးလွတ်ရေး
မျှော်ထောက်ထွေး
မနှေးကျင့်ကြပါ ။ '' 

သူသေကြီးက မြတ်ဓမ္မ
ဟောပြ တွေ့တိုင်းသာ
ငါသေသလိုပဲ သင်တို့လည်း
သေမြဲ ဓမ္မတာ
မသေခင်က ကုသလ
ပြုကြဖန်ခါခါ
သေဘေးလွတ်ရေး
မျှော်ထောက်ထွေး
မနှေးကျင့်ကြပါ ။ '' 

    မိတ်ဆွေတို့လည်း သေမင်းတမန်တော် ဓမ္မကထိက အကျော်ကြီးများ၏ တရားတို့ ကို နာယူမှတ်သားပြီး မအိုခင် မနာခင် မသေခင် အချိန်ရှိခိုက်လေးမှာ ကုသိုလ်တရားများ ပွားနိုင်ပါစေ အကုသိုလ်တရားများ ပါးသွားအောင် ကျင့်ကြံ ကြိုးကုတ်အားထုတ်နိုင်ကြပါစေဟု၏ မေတ္တာပြုလိုက်ရပါသည်။
                                                                             ( သံသရာခရီးသည် )

No comments:

Post a Comment

မှတ်ချက်ရေးသားလိုပါက အပေါ်ဘက်မှ post a commentကိုနှိပ်ပါ